ပြည် နိုဝင်ဘာ ၃၀
ပြည်မြို့နယ်စာရေးဆရာအသင်းကကြီးမှူးကျင်းပသော ၁၃၈၆ ခုနှစ်၊ စာဆိုတော်နေ့အထိမ်းအမှတ်အခမ်းအနားနှင့် စာပေဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမဆောင်၌ ကျင်းပခဲ့သည်။
ထိုသို့ကျင်းပရာတွင် ဦးစွာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးအေးလွင်နှင့် ပြည်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ကိုယ်စား အလုပ်အမှုဆောင်အဖွဲ့ စည်းရုံးရေးမှူး ဒေါ်ခင်နှင်းဆီရွှေတို့က အခမ်းအနားနှင့်ပတ်သက်၍ အမှာစကားများပြောကြားခဲ့သည်။
ယင်းနောက် မြန်မာနိုင်ငံစာရေးဆရာအသင်းမှပေးပို့သော ၁၃၈၆ ခုနှစ် စာဆိုတော်နေ့သဝဏ်လွှာကို ပြည်မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး ဦးဇော်လွင်ဦး (ရည်ဇော်မောင် - ပြည်)က ဖတ်ကြားခြင်း၊ ပြည်မြို့နယ်စာရေးဆရာအသင်း အဖွဲ့ဝင် စာရေးဆရာ အောင်(ဓာတု)က တောင်ငူခေတ်ရတုစာဆိုရှင် ပြည်နဝဒေးကြီး၏ အတ္ထုပ္ပတ္တိအားဖတ်ကြားခြင်း၊ ပြည်မြို့နယ်စာရေးဆရာအသင်းမှ သက်ကြီးစာပေပညာရှင်(၄)ဦးအား ဂါရဝပြုကန်တော့ခြင်းနှင့် ၂၀၂၃ ခုနှစ် စာပေဗိမာန်စာမူဆု၊ အကြိမ်(၃၀)မြောက် ပခုက္ကူဦးအုံးဖေစာပေဆုနှင့် သတ္တမအကြိမ် လှိုင်စာပေ အထူးဆုရရှိခဲ့သူ စာရေးဆရာများကို ဂုဏ်ပြုချီးမြှင့်ခြင်းတို့ ပြုလုပ်သည်။
ဆက်လက်၍ စာဆိုတော်နေ့အထိမ်းအမှတ်နှင့်ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားအတွက် အလှူငွေများပံ့ပိုးလှူဒါန်းကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ ၁၃၈၆ ခုနှစ် စာဆိုတော်နေ့အထိမ်းအမှတ် ပြည်နဝဒေးကြီးကဗျာပြိုင်ပွဲ ဆုရွေးချယ်ရေးနှင့်ပတ်သက်၍ ဆုရွေးချယ်ရေးအဖွဲ့ခေါင်းဆောင် စာရေးဆရာ လေးနိုင်(ရွှေသိုင်း)က ရှင်းလင်းတင်ပြခြင်း၊ ပြည်မြို့သား ရတုစာဆိုရှင် ပြည်နဝဒေးကြီးအား စာရေးဆရာမ ဒေါ်ခင်နှင်းဆီရွှေက ဘောလယ်တေးသီချင်း သီဆိုဂုဏ်ပြုခြင်းနှင့် စာရေးဆရာ ရည်ဇော်မောင်(ပြည်)က ပိုဒ်စုံရတုရွတ်ဆိုဂုဏ်ပြုခြင်းတို့ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် ပြည်မြို့နယ်တွင် ၁၃၈၆ ခုနှစ်၊ စာဆိုတော်နေ့အထိမ်းအမှတ်ကျင်းပခဲ့သော အခြေခံပညာအထက်တန်းအဆင့် "ပြည်နဝဒေးကြီး"ကဗျာပြိုင်ပွဲတွင် အထူးဆုရရှိသူ(၁၀)ဦးနှင့် ပထမ၊ ဒုတိယနှင့်တတိယဆုရရှိသူများကို တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ခဲ့ကြပြီး အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါက်တာဒေါ်ယဉ်ဝေလွင်နှင့် အဖွဲ့ဝင်စာရေးဆရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နယ်အတွင်းအခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများနှင့် ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)