ထားဝယ် နိုဝင်ဘာ ၃၀
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ သင်ထောက်ကူပစ္စည်းများလက်တွေ့အသုံးချသင်ကြားနိုင်ရေး အထက်တန်းဆင့်သင် ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွန်ကြားရေးမှူးဦးဌေးလွင်က သင်ထောက်ကူပစ္စည်းများ အသုံးပြုခြင်းသည်သင်ယူသူများ စိတ်ဝင်စားမှု၊ အာရုံစူးစိုက်မှုနှင့် သင်ယူချင်စိတ်ရှိအောင်လှုံ့ဆော်နိုင်ခြင်း၊ သင်ပြမည့် အကြောင်းအရာများကိုရှင်းလင်းလွယ်ကူစွာနားလည်စေခြင်း၊ သင်ယူမှုနှေးကွေးသူများအတွက် အလွယ်တကူနားလည်စေခြင်း၊ အားရုံငါးပါးဖြင့် ကြားမြင်ထိတွေ့သင်ယူခြင်းဖြင့် ကျယ်ပြန့်သောဗဟုသုတများရရှိစေနိုင်ကြောင်း၊ KG+12 သင်ရိုးသစ်နှင့်အတူပြောင်းလဲကျင့်သုံးနေသော သင်ရိုးညွှန်းတမ်းပါ အထက်တန်းဆင့်ဘာသာရပ်သင်ထောက်ကူ ပစ္စည်းများလက်တွေ့အသုံးချသင်ကြားမှုကို စနစ်တကျသင်ယူလေ့လာမှတ်သားသွားကြရန်လိုအပ်ကြောင်း၊ သင်တန်းပြီး၍ သက်ဆိုင်ရာကျောင်းအသီးသီးသို့ ပြန်လည်ရောက်ရှိသည့်အခါ သင်တန်းမှရရှိသော အတွေ့အကြုံကောင်းများကို မူတည်၍မိမိ၏တပည့်ကျောင်းသား၊ ကျောင်းသူများကို ထိရောက်စွာ ပြန်လည်သင်ကြားပို့ချပေးကြရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။
သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အထက်တန်းဆင့်သင်ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်ဆွေးနွေးပွဲတွင် ထားဝယ်တက္ကသိုလ်မှ သင်တန်းနည်းပြများက သင်တန်းသားဆရာ၊ ဆရာမ(၁၀၉)ဦးအား ဒီဇင်ဘာ ၁ ရက်နေ့အထိ သင်ကြားပို့ချဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)