တောင်တွင်းကြီး မြို့မဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းနှင့် မီးငြိမ်းသတ်ခြင်း သရုပ်ပြသ

တောင်တွင်းကြီး နိုဝင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ဈေးများ မီးလောင်ပျက်စီး ဆုံးရှုံးမှုမရှိစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံစစ်ဆေးခြင်းနှင့် မီးငြိမ်းသတ်ခြင်း သရုပ်ပြသခြင်းကို ယနေ့နံနက် ၉ နာရီက ရွှေကြာအင်း (၁) ရပ်ကွက်ရှိ မြို့မဈေးကြီး၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်ဇင်ညွှန့်၊  မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြလင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစောမောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဈေးတာဝန်ခံများနှင့် တာဝန်ရှိသူများတို့က ပွင့်လင်းရာသီကာလ၌ ဈေးဆိုင်ခန်းများတွင် မီးသတ်ဆေးဗူးများ စနစ်တကျထားရှိခြင်း ရှိ/ မရှိ၊ မီးသတ်ဆေးဗူးများ ကောင်းမွန်ခြင်း ရှိ/ မရှိ၊ ဆိုင်ခန်းများတွင် တပ်ဆင်ထားသည့် လျှပ်စစ်မီးကြိုးများ ကောင်းမွန်ခြင်း ရှိ/ မရှိ၊ မြို့မဈေးအတွင်း၌ မီးငြိမ်းသတ်ရေးအတွက်ဆောင်ရွက်ထားရှိသော ရေလှောင်ကန်များ၊ အမြင့်တင်ရေစင်များ၊ မီးချိတ်/မီးကပ်၊ မီးသတိပေးစာတမ်းများ၊ လျှပ်စစ်ဝါယာသွယ်တန်းမှုစနစ်များ ကောင်းမွန်ခြင်း ရှိ/ မရှိတို့အား စစ်ဆေးဆောင်ရွက်ခဲ့ပြီး မီးငြိမ်းသတ်ယာဉ်ဖြင့် မီးငြိမ်းသတ်ခြင်းတို့ကို သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)