ပုသိမ်မြို့၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲ ကျင်းပ

ပုသိမ် နိုဝင်ဘာ ၃၀

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ဆုများ ချီးမြှင့်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မသန်စွမ်း (အမျိုးသား) မီတာ၁၀၀ပြိုင်ပွဲများအား သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မသန်စွမ်း မီတာ၁၀၀ (ကျား၊ သက်ငယ်တန်း/ သက်ကြီးတန်း)၊ မီတာ၁၀၀ (မ) ပြိုင်ပွဲများ၊ မသန်စွမ်း သံလုံးပစ် (ကျား/ မသက်ကြီးတန်း)၊ သံပြားပစ် (ကျား/ မသက်ငယ်တန်း) ပြိုင်ပွဲများနှင့် အမျိုးသားအားကစားပွဲတော်သို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စခန်းသွင်း လေ့ကျင့်နေသည့် အမျိုးသား မီတာ ၁၅၀၀၊ အမျိုးသား၊ အမျိုးသမီး မီတာ ၄၀၀ လက်ဆင့်ကမ်း စံချိန်ယူပြိုင်ပွဲများအား ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ အမျိုးသမီး သံလုံးပစ်၊ သံပြားပစ်နှင့် မီတာ (၁၀၀) အပြေးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသည့် မသန်စွမ်းအားကစားသမားအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ သက်ကြီးအမျိုးသားမီတာ (၁၀၀) အပြေးပြိုင်ပွဲ၊ သံပြားပစ်၊ သံလုံးပစ်နှင့် သက်ငယ်မီတာ (၁၀၀) အပြေးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း ဆုများ ချီးမြှင့်ခဲ့ကြပြီး မသန်စွမ်းအားကစားသမားများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီမှ ကြီးမှူးကျင်းပသည့် မသန်စွမ်းပြေးခုန်ပစ်ပြိုင်ပွဲကို ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မြန်အောင်ခရိုင်များမှ အားကစားသမား (၅၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)