တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တိုင်းဒေသကြီးအတွင်း စက်သုံးဆီတင်သွင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မြိတ် နိုဝင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးအတွင်း စက်သုံးဆီတင်သွင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်နေသော ကုမ္ပဏီလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။

ညှိနှိုင်းအစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်းရှိ လုပ်ငန်းအသီးသီးတွင် လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ အောင်မြင်အောင်အတွက် လိုအပ်သည့် စက်သုံးဆီများ တင်သွင်းရောင်းချဖြန့်ဖြူးနိုင်ရေးကို  အစိုးရအဖွဲ့အနေဖြင့်  ဆောင်ရွက်ပေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဆီဗောများနှင့်ပတ်သက်၍ မီးဘေးအန္တရာယ်ကိုဂရုစိုက်ကြရန်နှင့် အသက်အန္တရာယ်ဆုံးရှုံးနစ်နာမှုများမဖြစ်အောင် ဆောင်ရွက် ကြစေလိုကြောင်း၊ စက်သုံးဆီများကို တိုင်းဒေသကြီးအတွင်း လျှပ်စစ်လုပ်ငန်း၊ ရေလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် အခြားလုပ်ငန်းများတွင် သုံးစွဲရန်အတွက် တင်သွင်းပြီး ပြန်လည်ရောင်းချရာတွင် စနစ်တကျစိစစ်၍ တိုင်းဒေသကြီးအတွင်း လုပ်ငန်းများအသုံးပြုရန်အတွက်သာ ရောင်းချကြရန် ပြောကြားသည်။

ထိုနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက တိုင်းဒေသကြီးအတွင်း စက်သုံးဆီလစဉ်တင်သွင်းဆောင်ရွက်နေမှုများ၊ လုပ်ငန်းရှင်များအနေဖြင့် စက်သုံးဆီတင်သွင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ဥပဒေနှင့်အညီ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးကြရန်နှင့် အခွန်အခများကိုလည်း မှန်မှန်ကန်ကန် ပေးသွင်းကြရန် ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး အတွင်းရေးမှူး ဦးခင်မောင်ချိုက တင်သွင်းဖြန့်ဖြူးရောင်းချဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ လိုက်နာဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှူးက မီးဘေးလုံခြုရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်မီးငြှိမ်းသတ်ရေးပစ္စည်းများကို စနစ်တကျထားရှိကြရန် ဆွေးနွေးပြောကြားသည်။ ယင်းနောက် ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် ဆွေးနွေးပြောကြားကြပြီး စက်သုံးဆီလုပ်ငန်းရှင်များအသင်းနှင့် စက်သုံးဆီလုပ်ငန်းရှင်များက စက်သုံးဆီများ တင်သွင်း၍ လုပ်ငန်းများတွင် အသုံးပြုဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြောကြားပြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)