တောင်ငူ နိုဝင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၊ ပင်လုံခန်းမ၌ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် ဥပဒေပညာသင်ကြားနိုင်ရေးအတွက် Grade-11 နှင့် Grade-12 ဆရာ၊ ဆရာမများအတွက် ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ် သင်တန်းအမှတ်စဥ် (၂) ကို နိုဝင်ဘာလ (၂၈) ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့တွင် ဆက်လက်ပို့ချ သင်ကြားလျက်ရှိသည်။
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေရေးရာဝန်ကြီးဌာနသည် အခြေခံပညာကျောင်းများတွင် ဥပဒေပညာသင်ကြားနိုင်ရေးအတွက် Grade-11 နှင့် Grade-12 အဆင့် ကျောင်းသား၊ ကျောင်းသူများနှင့် သင့်လျော်မည့် သင်တန်းညွှန်းတမ်းကို ရေးသားပြုစု၍ ပညာရေးဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းကာ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း Training of Trainer (TOT) ကို ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ပြီး သင်တန်းကို နိုဝင်ဘာလ (၂၈) ရက်နေ့မှ ဒီဇင်ဘာလ (၉) ရက်နေ့ အထိ သင်ကြားပို့ချသွားမည်ဖြစ်သည်။
အဆိုပါ သင်တန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရာဇသတ်ကြီး၊ လောင်းကစားဥပဒေ၊ မူယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေတို့ကို သင်ကြားပို့ချလျက်ရှိပြီး တောင်ငူခရိုင်နှင့် ညောင်လေးပင်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၁၆၃) ဦး တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)