ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာ သင်တန်းဖွင့်လှစ်မှုကြည့်ရှုပြီး Training on Basic Statistic with Reporting အမှတ်စဉ် (၂) သတင်းတန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဟားခါး နိုဝင်ဘာ ၃၀

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ချင်းပြည်နယ်သမဝါယမဦးစီးဌာနရုံးတွင် ဖွင့်လှစ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေ မိသားစုဝင်ငွေတိုးစီမံကိန်း မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်းဖွင့်လှစ်နေမှုကို နိုဝင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ချင်းပြည်နယ်သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်နယ်သမဝါယမဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ထမ်းများက တစ်ဦးချင်း မိတ်ဆက်ကြပြီး တင်ပြလိုသည့်အချက်များအား တင်ပြ၍ ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်တို့က ဝန်ထမ်းများအား အားပေးစကားပြောကြားကာ ပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်ဇော်ထွန်းက ပြည်နယ်သမဝါယမဦးစီးဌာနရုံးဝင်းအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံရှင်းလင်းပြသသည်။

ယင်းနောက် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် ဗဟိုစာရင်းအင်းအဖွဲ့ရုံးတို့ ပူးပေါင်းဖွင့်လှစ်ပို့ချသည့် Training on Basic Statistic with Reporting အမှတ်စဉ် (၂) သတင်းတန်း ဆင်းပွဲအခမ်းအနားသို့ တက်ရောက်သည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်ရှိ ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာနအတွက် စာရင်းအင်းဖွံ့ဖြိုးတိုးတက်ပြီး လက်ရှိကာလအခြေအနေကို ထင်ဟပ်ပေါ်လွင်စေရန်အတွက် တိကျမှန်ကန်သော စာရင်းအင်းများကို အချိန်နှင့်တစ်ပြေးညီ ကောက်ယူစုစည်းတက်စေရန်၊ စာရင်းအင်းဆိုင်ရာ လုပ်ငန်းစွမ်းဆောင်ရည်များ ပိုမိုတိုးတက်လာစေရန်၊ အရည်အသွေးပြည့်ဝသည့်စာရင်းများ ထုတ်ပြန်နိုင်စေရန်နှင့် အစီရင်ခံစားများ ပြုစုတင်ပြတတ်စေရန်တို့အတွက် ဤသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည်များ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေခြင်း၊ စာရင်းအင်းဥပဒေ၊ နည်းဥပဒေတွင် ပြဌာန်းသော အရေးကြီးသည့် ပုဒ်မများအား သိရှိလေ့လာရခြင်း၊ စာရင်းအင်းများကို စီမံခန့်ခွဲရာတွင် လွယ်ကူစွာ ခွဲခြားစိစစ်နိုင်စေခြင်း၊ စာရင်းအင်းအစီရင်ခံစားများတွင် စာရင်းအသုံးပြုသူများ လွယ်ကူစွာနားလည်နိုင်မည့် Graphs၊ Charts တို့ဖြင့် စနစ်တကျ ပြုစုထုတ်ပြန်နိုင်ခြင်း စသည်တို့ကို သိရှိသွားပြီးဖြစ်သည်ဟု ယုံကြည်ပါကြောင်း၊ သို့ဖြစ်၍ မိမိတို့တာဝန်ကျရာလုပ်ငန်းခွင်၊ နယ်ပယ်တို့တွင် အကျိုးရှိရှိ ထိရောက်စွာ အသုံးချနိုင်ပြီး မိမိဌာန၊ အဖွဲ့အစည်းများတွင် ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချပေးခြင်းအပြင် ဝန်ထမ်းကျင့်ဝတ်၊ စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်မှပေးအပ်သော တာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ကြပြီး အစဉ်လေ့လာသင်ယူနေသည့် ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းပါကြောင်းဖြင့် အမှာစကားပြောကြားသည်။

ယင်းနောက် သင်တန်းနည်းပြဆရာမ ဗဟိုစာရင်းအင်းအဖွဲ့ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ချိုချိုဝင်းက သင်တန်းတက်ရောက်သည့် သင်တန်းသား၊ သင်တန်းသူများ၏အခြေအနေကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဦးဆောင်သူ ဒေါ်ချိုချိုဝင်း၊ သင်တန်းလက်ထောက်နည်းပြ ဒေါ်ခင်မမခိုင်နှင့် ဒေါ်အင်ကြင်းကိုကို တို့အားလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသူများအားလည်းကောင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးက သင်တန်းဆင်းလက်မှတ်အားလည်းကောင်း ပေးအပ်ချီးမြှင့်သည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး သင်တန်းဆင်းပွဲအခမ်းအနား ရုပ်သိမ်းကာ ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနား တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများအား အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)