ဘုတ်ပြင်း နိုဝင်ဘာ ၃၀
၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးရန်ပုံငွေ ကျပ် (၁၀၃) သန်းဖြင့် ထောင်ခမက်ကျေးရွာအုပ်စု၊ ကလန်းချောင်းကျေးရွာတွင် လူလျှောက်လမ်းတံတားတည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် တာဝန်ရှိသူများအဖွဲ့မှ နိုဝင်ဘာ ၂၇ ရက်နေ့၊ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ လက်ရှိဆောင်ရွက်နေသည့် လူလျှောက်လမ်းတံတားအား ဘဏ္ဍာနှစ်မကုန်မီ သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် ထပ်တိုးဆောင်ရွက်ရန် လိုအပ်သည့် လူလျှောက်လမ်းတံတားအား လာမည့်ဘဏ္ဍာနှစ်တွင် ဆက်လက်လျာထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ဘုတ်ပြင်းမြို့နယ် ကလန်းချောင်းကျေးရွာ၌ ဘုတ်ပြင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် လူလျှောက်လမ်းတံတား အပိုင်း (၁) အားလည်းကောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် လူလျှောက်လမ်းတံတား အပိုင်း (၃) အားလည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ကလန်းချောင်းကျေးရွာရှိ ပြည်သူလူထု၏ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည့် ကဏ္ဍများ အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)