တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဆလုံ (မော်ကယ်) တိုင်းရင်းသားများ၏ ဘော်ဒါဆောင် ဆောက်လုပ်ရေးပစ္စည်းများ (သွပ်၊ ဘိလပ်မြေ၊ သစ်) ဆန်၊ လှေနှင့် စက် ထောက်ပံ့ပေးအပ်ပွဲ တက်ရောက်

မြိတ် နိုဝင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မြိတ်မြို့ ပုလဲရတနာခန်းမတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဆလုံ(မော်ကယ်) တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆလုံ(မော်ကယ်) ဘော်ဒါဆောင် ဆောက်လုပ်ရေးပစ္စည်းများ (သွပ်၊ ဘိလပ်မြေ၊ သစ်)၊ ဆန်၊ လှေနှင့် စက် ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။

ထောက်ပံ့ပေးအပ်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး အတွင်းမှာရှိသည့် တိုင်းရင်းသားလူမျိုးများရဲ့ အကျိုးစီးပွားကို မမေ့မလျော့ပဲ တိုင်းရင်းသားလူမျိုးအားလုံး တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေးအတွက် အလေးထားပြီး တတ်စွမ်းသမျှ  ဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဆလုံ (မော်ကယ်) တိုင်းရင်းသားများ၏  လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေးအတွက် အစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေ ကျပ်သန်း (၁၀၀) ကို နှစ်စဉ်ခွင့်ပြုထောက်ပံ့ပေးလျက်ရှိကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ရွာပေါင်း(၉)ရွာမှ ဆလုံ (မော်ကယ်) တိုင်းရင်းသားများအတွက် အမှန်တကယ် လိုအပ်သော လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုပစ္စည်းများနှင့် စားနပ်ရိက္ခာများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှစ၍ နှစ်စဉ်ထောက်ပံ့ပေးသည့်အပြင် အသက်မွေးဝမ်းကျောင်းပညာ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ၊  လက်မှုပညာသင်တန်းများ၊ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာအကနှင့် ဓလေ့ထုံးတမ်းများ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် စာပေနှင့်ယဉ်ကျေးမှုသင်တန်းများကို တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ဆလုံလူမျိုးများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် အခြားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်စဉ် ပို၍ပို၍ ထောက်ပံ့ပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထိုနောက် ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ကျွန်းစုမြို့နယ် ဒုံးပုလဲအော်ကျေးရွာရှိ ဆလုံ (မော်ကယ်) ကျောင်းသား/ သူများ နေထိုင်ရန် ဘော်ဒါဆောင် ဆောက်လုပ်ရေးအတွက် သွပ် (၄၈) ချပ်၊ ဘိလပ်မြေ (၁၅၀) အိတ်၊ သစ် (၁၉) တန်၊ ရေမြစ်ကြီးကျေးရွာအုပ်စု၊ မနွယ်ကျေးရွာ၊ အုန်းတောကမ်းအစုရှိ ဆလုံတိုင်းရင်းသား ကျောင်းသား/ သူများ အသုံးပြုရန် စက်(၁)လုံးနှင့် ကူးတို့လှေ (၁) စီး၊ ဘုတ်ပြင်းမြို့နယ် လငန်းကျေးရွာနှင့် ကံမော်ကြီးကျေးရွာရှိ  ဆလုံတိုင်းရင်းသားများအတွက် ဆန် (၇၉) အိတ် စုစုပေါင်းတန်ဖိုးငွေ ကျပ် (၃၇၇) သိန်းကျော်ကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဆလုံ (မော်ကယ်) တိုင်းရင်းသားများကိုယ်စား ကိုယ်စားလှယ် (၁) ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)