ကြံခင်း နိုဝင်ဘာ ၃၀
စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ကြံခင်းမြို့၊ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားကို အ.ထ.က (ချောင်းမြောင်) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက အလှဆုံးပန်းများပွင့်ကြပြီ သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က “လူငယ်တွေ ကျန်းမာကြံ့ခိုင်ဖို့နဲ့ ကာယ၊ ဉာဏ၊ မိတ္တဗလတွ ရရှိစေဖို့ အထောက်အပံ့ဖြစ်တဲ့ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စကားပုံဆက်နဲ့ အရုပ်ဆက်ပြိုင်ပွဲတွေ၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေမယ့် ခါးကွင်းလှည့်ကစားတာတွေ၊ ရိုးရာကစားနည်းတွေကို ထည့်သွင်းပေးခြင်းအားဖြင့် ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်း အထောက်အကူရရှိစေမှာ ဖြစ်ပါကြောင်း၊ ဒီလိုကောင်းမွန်တဲ့ အလေ့အကျင့်ကောင်းတွေကိုလည်း ကလေးတွေကို ဆက်လက်ပြီးတော့ တာဝန်ရှိသူများက ဝိုင်းဝန်းပြီး လေ့ကျင့်ပျိုးထောင်ပေးကြပါလို့ တိုက်တွန်းလိုပါကြောင်း” ပြောကြားသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတဆောင်ရန်ရှောင်ရန်များနှင့် စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို ဟောပြောပေးပါသော စာရေးဆရာ တက္ကသိုလ်စိုးစံ၊ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပါဝင်ကူညီပေးသော ဘင်ခရာအဖွဲ့၊ ပန်းပွားအကအဖွဲ့၊ ချင်းဝါးညှပ်အကတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဂုဏ်ပြုဆုငွေနှင့်မှတ်တမ်းလွှာများ ပေးအပ်ပြီး ဉာဏပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ၊ အထူးဆုရရှိသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူး သောင်းထွဋ်လွင်နှင့် တာဝန်ရှိသူများက အသီးသီး ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုကပြဖျော်ဖြေကြပြီး အ.ထ.က (ချောင်းမြောင်) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ထာဝရမြန်မာသီချင်းဖြင့် ဖျော်ဖြေကြကာ အခမ်းအနားကို ရုပ်သိမ်း၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)