ပုလောမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ရေး အသိပညာပေးဟောပြော၍ ကျောင်းသား/ သူများအား သားအိမ်ခေါင်းရောဂါကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင် ကာကွယ်ဆေး ထိုးနှံပေး

ပုလေ နိုဝင်ဘာ ၃၀

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဌာနမှ ကျောင်းသား၊ ကျောင်းသူများကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပုလောမြို့၊ မူလွန် (ဝါးတန်း) ကျောင်း၌ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက အသိပညာပေး ဟောပြောခဲ့၍ သားအိမ်ခေါင်းရောဂါကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဟောပြောရာတွင် သူနာပြုဆရာမ ဒေါ်ချောစုမွန် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများသည် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ရောဂါပိုးပါရှိသည့် မသန့်ရှင်းသောရေနှင့် အစားအစာများ စားသောက်မိခြင်းမှတဆင့် ကူးစက်ဖြစ်ပွားစေနိုင်ကြောင်း၊ ကာလဝမ်းရောဂါပိုးသည် ရောဂါဖြစ်သူထံမှ စွန်ပစ်သော မစင်တွင်ပါဝင်ကြောင်း၊ ဝမ်းလျှောရောဂါပြင်းထန်းသောအခါ ခန္ဓာကိုယ်အတွင်းမှ ရေနှင့်ဓာတ်ဆားများ လျင်မြန်စွာ ကုန်ခမ်းသွားသောကြောင့် အရည်ခမ်းခြောက်ခြင်းကို ဖြစ်စေကြောင်း၊ ရောဂါပြင်းထန်ပြီး အချိန်မီဆေးကုသခံယူခြင်း မရှိပါက အသက်ဆုံးရှုံးနိုင်ကြောင်းနှင့် ရောဂါလက္ခဏာများ၊ ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများကို အသိပေးဟောပြောပြီး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး အသက်အရွယ်အလိုက် သားအိမ်ခေါင်းရောဂါကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အလားတူ ပုလောမြို့နယ် ပြည်သူကျန်းမာရေးဌာန၊ မိခင်နှင့်ကလေးသူနာပြုအဖွဲ့ဝင်များသည် အဖွဲ့များခွဲ၍ အမှတ် (၅) မူလတန်းကျောင်း (မကျည်းကုန်း) သို့ သွားရောက်၍ ဝမ်းပျက်ဝမ်းလျောရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ပြုလုပ်၍ သားအိမ်ခေါင်းရောဂါကာကွယ်ဆေးနှင့် ဆုံဆို့မေးခိုင်ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အေးအေးမော်(ပုလော)