ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံပညာ စာကြည့်တိုက်သင်တန်း (၁/၂၀၂၄) ဖွင့်လှစ်

ဆင်ပေါင်ဝဲ နိုဝင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁ နာရီခွဲအချိန်က အခြေခံပညာစာကြည့်တိုက်သင်တန်း (၁/၂၀၂၄) ဖွင့်လှစ်ခဲ့သည်။

အဆိုပါ သင်တန်းတွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက စာအုပ်စာပေများကို ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်၊ ပျောက်ဆုံးပျက်စီးမှုများလျော့နည်းစေရန်နှင့် စာအုပ်များကိုချစ်ခင်တတ်ပြီး ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဦးစည်သူထွန်းလင်းက စာအုပ်များ စတင်ရောက်ရှိချိန်တွင် ဖွင့်ဖောက်စစ် ဆောင်ရွက်ရန်လိုကြောင်း၊ စာကြည့်တိုက်အမျိုးအစားများ၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ ပညာရပ်ခွဲနည်းများစသည့် အကြောင်းအရာများကို သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

သင်တန်းကို အခြေခံပညာကျောင်းများရှိ ကျောင်းစာကြည့်တိုက်မှူးများ (၂၃)ဦး တက်ရောက်ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)