ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းဖြင့်ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေရှင်းလင်းတင်ပြခြင်းအစည်းအဝေးသို့ တက်ရောက်

ဟားခါး နိုဝင်ဘာ ၂၉

၂၀၂၄−၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းဖြင့်ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းများ၏ ၂၀၂၄ ခုနှစ် ၊ အောက်တိုဘာလကုန်အထိ ဆောင်ရွက်ပြီးစီးမှုအခြေအနေ ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ ၂၇ ရက် မွန်းလွဲ ၂ နာရီက ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က လုပ်ငန်းများဆောင်ရွက်ရာတွင် အထူးသဖြင့် ငွေလုံးငွေရင်းနှင့်ဆောင်ရွက်မည့်လုပ်ငန်းများအတွက် တိတိကျကျ ညွှန်ကြားချက် ရှိပါကြောင်း၊ အဆိုပါညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ချင်းပြည်နယ်တွင် သဘာဝဘေးနှင့် လူ၏ပယောဂကြောင့်ဖြစ်သည့်ဘေးများ အနည်းနှင့်အများ ကြုံတွေ့ခံစားနေရသည့် ပြည်နယ်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မလွဲမရှောင်သာသည့်အခြေအနေမှအပ ဝီရိယစိုက်ထုတ်ပြီး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မည်သည့်အလုပ်မဆို အားနည်းချက်များ ရှိနေနိုင်သည်ဖြစ်ရာ အဆိုပါအားနည်းချက်များအပေါ် ပြုပြင်စရာများပြုပြင်၍ နောင်တွင် အားနည်းချက်အနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြ ကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဘဏ္ဍာရန်ပုံငွေ ငွေလုံးငွေရင်းဖြင့်ဆောင်ရွက်သော ဌာန(၂၀)ဌာနမှ ဌာနတာဝန်ခံများက မိမိတို့ဌာနအလိုက် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလကုန်အထိ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြကြသည်။

ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်တို့က ထပ်မံဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)