ကော့သောင်း ဇန်နဝါရီ ၉
အလှကုန်ပစ္စည်းသုံးစွဲကြသည့်မြို့နေပြည်သူများဘေး အန္တရာယ်မဖြစ်ပေါ်ရေးအတွက် တားမြစ်အလှကုန်များ ရောင်းချမှုရှိ၊မရှိကို ယနေ့ ရက်နေ့နံနက်ပိုင်း က ကော့သောင်းမြို့ပေါ်ရပ်ကွက်များအတွင်းရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များသို့ မြို့နယ်ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်းသိရသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဌာန (FDA)၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဌာနတို့ပါဝင်သည့်ပူးပေါင်း အဖွဲ့ဖြင့်ကော့သောင်းမြို့ပေါ် ရပ်ကွက်များရှိဈေးဆိုင်များ၊ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား ရှောင်တခင် လိုက်လံ စစ်ဆေးခဲ့ကြခြင်းဖြစ်ပြီး အများပြည်သူအတွက် ဆိုးရွားစွာအန္တရာယ်ဖြစ်ပေါ်စေနိုင်သည့် တစ်ဖက်နိုင်ငံမှ ခွင့်ပြုချက်မဲ့ တင်သွင်းလာသည့် တားမြစ်အလှကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ၊မရှိ လိုက်လံစစ်ဆေးခြင်း၊ ရောင်းချလျက်ရှိသည့် တားမြစ်အလှကုန်ပစ္စည်းများအားပြည်သူများ အကျိုးအလို့ငှာဖျက်ဆီးရန် အဖွဲ့စုံဖြင့်သိမ်းဆည်းခြင်း၊ ရောင်းချသူ များအား ဆက်လက်ရောင်းချခြင်းမပြုကြရေး ဆက်လက်ရောင်းချပါက စားသုံးသူရေးရာဥပဒေများအရ ကျခံရနိုင်သည့်ပြစ်မှုပြစ်ဒဏ်များဆိုင်ရာ သိသင့်သိထိုက်သည်များကို အသိပညာပေးခြင်း စသည့်လုပ်ငန်း များပူးပေါင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ကျော်စိုး (ကော့သောင်း)