ထားဝယ် နိုဝင်ဘာ ၂၉
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် စာကြည့်တိုက်ပညာရပ်များကို သိရှိလိုက်နာဆောင်ရွက်ရမည့် ရည်ရွယ်ချက်ဖြင့် အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ကျင်းပသည်။
သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က ဝန်ထမ်းများအနေဖြင့် စာကြည့်တိုက်လက်စွဲပါ လူထုလူတန်းစားအသီးသီးအား အသိပညာ၊ စာပေဗဟုသုတ ဖြန့်ဖြူးပေးနိုင်ရန်၊ စာကြည့်တိုက်လုပ်ငန်းဖြင့် ပြည်သူ့ဆက်ဆံရေးကဏ္ဍ တိုးချဲ့တည်ဆောက်နိုင်ရန်၊ စာဖတ်ပရိသတ်ဖြင့် ထိတွေ့ဆက်ဆံရာမှ ပြည်သူလူထု၏ သဘောထား/ အသံကို ကြားသိနိုင်ရန်နှင့် ပြန်ကြားရေးလုပ်ငန်းကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်၊ ကျေးရွာကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေးလုပ်ငန်းတွင် အထောက်အကူ ဖြစ်စေရန်စသည့် ရည်ရွယ်ချက်များကို သိရှိထားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က ဝန်ထမ်းများအား အခြေခံစာကြည့်တိုက် ပညာသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ ကျောင်း/ရုံးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စာကြည့်တိုက်ရှိ စာအုပ်များ မျိုးတူစုခွဲခြင်းလုပ်ငန်းများ၊ အခြေခံစာကြည့်တိုက်ပညာရပ်များ၊ စာစုစာပြုလုပ်ငန်းများ၊ စာကြည့်တိုက်ရှင်သန်ခိုင်မာရေးလုပ်ငန်းများ၊ စာပေပစ္စည်း ပြုပြင်ထိန်းသိမ်းရေးဘာသာရပ်များအား နိုဝင်ဘာ ၃၀ ရက်နေ့အထိ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်သည်။
ကျော်ကျော်လတ် (ပြန်/ဆက်)