ကသာမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားပြုလုပ်

ကသာ နိုဝင်ဘာ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတဝေဖြာမျှဝေရာ ပညာဘဏ်တိုက်စာကြည့်တိုက် Video Clip အား ပြသခဲ့သည်။ ဆက်လက်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အလှူငွေများ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့နှင့် မြို့နယ်စာရေးဆရာအသင်းတို့မှ စာအုပ်စာစောင်များနှင့် အလှူငွေများ လှူဒါန်းကြရာ အ.လ.က(၃) ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမတို့မှ လက်ခံရယူခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကြည့်ရှုကြပြီး ကျောင်းစာကြည့်တိုက်အတွင်း ကျောင်းသား/ ကျောင်းသူများ စာပေဖတ်ရှုလေ့လာနေမှုတို့ကိုလည်းကောင်း၊ ကျောင်းသား/ကျောင်းသူများ၏ စက္ကူခေါက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာပေဖတ်ရှုနေမှုတို့ကို အားပေးကြည့်ရှုကြပြီး အမှတ်တရဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် အာလူးကောက်ပြိုင်ပွဲ၊ ခြေပူးပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲတို့ကို ပျော်ရွှင်စွာ ကြည့်ရှုအားပေးခဲ့ကြပြီး ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)