ပေါင်းတည် နိုဝင်ဘာ ၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မြို့နယ်အတွင်း သံပုရာစိုက်ပျိုးခြံများမှ ထွက်ရှိသော သံပုရာသီးများဖြင့် တစ်နိုင်တစ်ပိုင် သံပုရာပေါင်းပြုလုပ်ကာ ထုတ်ပိုးရောင်းချခြင်းဖြင့် မိသားစုဝင်ငွေတိုးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို ပေါင်းတည်မြို့နယ်၊ ကျောင်းလမ်းတွင် အိမ်တွင်းမှုလုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်လျက်ရှိကာ မိသားစုစီးပွားရေးကို အထောက်အပံ့ပေးနေကြောင်း သိရပြီး လုပ်ငန်းကုန်ကြမ်းအတွက် အနာအဆာကင်း၍ သန့်ရှင်းလတ်ဆတ်သော သဘာဝသံပုယိုသီးကိုသာ အသုံးပြုရကြောင်း၊ ဦးစွာ ရင့်သောသံပုယိုသီးများကို အခွံပါသော အကွင်းပုံစံများရအောင် လှီးဖြတ်ပြီး ဆားနှင့်သကြားကို မျှတစွာထည့်၍ နယ်ကာ ၂ ရက်ခန့်သိပ်ထားရကြောင်း၊ ထို့နောက် သံပုယိုကွင်းများကို ဖြန့်၍ ၂ ရက်ခန့် နေလှန်းပြီးနောက် နွယ်ချိုမှုန့်များဖြင့် ထပ်မံနယ်၍ ၂ ရက်ခန့်နေလှမ်းပေးရကြောင်း၊ ထို့နောက် အိတ်ထဲသို့ ထည့်သွင်းကာ လုံခြုံစွာအိတ်ပိတ်၍ လက်လီ၊ လက်ကားဆိုင်များသို့ ရောင်းချရကြောင်းကို သံပုရာပေါင်းပြုလုပ်ရောင်းချသူ ဦးမိုးသောက်က ရှင်းပြသည်။
ဓာတုပစ္စည်း လုံးဝမပါပဲ ရိုးရှင်းစွာဖြင့် ကုန်ကျစရိတ်နည်းပါးစွာ မြန်မာ့ရိုးရာနည်းအတိုင်း ပြုလုပ်ထား၍ စျေးနှုန်းချိုသာကာ စားသုံးသူများနှစ်ခြိုက်စွာ ဝယ်ယူအားပေးကြသဖြင့် ရောင်းအားလည်းကောင်းနေပြီး မိသားစုဝင်ငွေတိုးကာ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)