နတ်မောက် နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ စပါးမျိုး(၁၀)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်၌ စပါးရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းက စာရံအိုင့်ကျေးရွာ ကွင်းအမှတ် (၈၃၆) ဦးပိုင်အမှတ် (၉၉)၊ ဧက(၂)ဧက မျိုးကွဲစမ်းသပ်ကွက်၌ စပါးရိတ်သိမ်းပွဲကျင်းပခဲ့သည်။
နတ်မောက်မြို့နယ်အတွင်းရှိ တောင်သူများ ဒေသဝမ်းစာဖူလုံရေးအတွက် စပါးကို အဓိကထား စိုက်ပျိုးကြပြီး စပါးမျိုးကောင်းမျိုးသန့်မျိုးစေ့ထုတ်စိုက်ကွက်များ၊ ဘက်စုံအဆင့်မြင့်နည်းပညာ သုံးစံပြကွက်၊ မျိုးယှဉ်ပြိုင် စမ်းသပ်ကွက်များ၊ စံပြကျေးရွာများကို ဖော်ဆောင်၍ စိုက်ပျိုးထားခြင်း၊ မျိုးစေ့ချကိရိယာနှင့် ကောက်စိုက်စက်ဖြင့် စနစ်တကျစိုက်ပျိုးခြင်း၊ တောင်သူများ စာနပ်ရိက္ခာဖူလုံရေး၊ ဝင်ငွေတိုးပွားလာစေရေး နှင့် စိုက်ပျိုးထုတ်လုပ်မှု အရည်အသွေးကောင်းမွန်ကာ ပြည်ပဈေးကွက်များသို့ တိုးချဲ့လာနိုင်စေရေးအတွက် စိုက်ပျိုးရေးနည်းပညာများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသနေပြည်သူများ သက်တမ်းတို၍ အထွက်နှုန်းကောင်းမွန်သော မျိုးများအား ရွေးချယ်စိုက်ပျိုးနိုင်ရန်နှင့် ရေမြေဒေသနှင့် ကိုက်ညီသော စပါးမျိုးကွဲများအား လက်တွ့သိရှိ ရွေးချယ်စိုက်ပျိုးနိုင်စေရန် မနောသုခ၊ ဆင်းသုခ၊ ပခန်းရွှေဝါ၊ ရက်(၉၀)၊ ရတနာတိုး၊ ဆာဖိုးသာ၊ YSR- 1၊ YKQR-01၊ GW-11၊ GW-18 တို့ကိုစမ်းသပ်စိုက်ပျိုးပေးလျက်ရှိရာ (၂) ဧက စမ်းသပ်စံကွက်အား ရိတ်သိမ်းပြီး ထွက်ရှိလာသည့် မျိုးများကို တောင်သူများအား ဆက်လက်ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။
လှဝင်း