ဧရာဝတီတိုင်ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်

ကြံခင်း နိုဝင်ဘာ ၂၉

ကြံခင်းမြို့၊ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း(ချင်းမြောင်)တွင် ကျင်းပပြုလုပ်သော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်နှင့် တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ စာကြည့်တိုက်များဖွံ့ ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဒေါ်ယဉ်ဆွေဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နေသူအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။ ဆက်လက်၍ လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများက ဘင်ခရာဖွဲ့၊ ပန်းပွားအကနှင့် ဝါးညှပ်အကအဖွဲ့မှ ဧည့်ခံဖျော်ဖြေမှုကို ကြည့်ရှုအား ပေးကြသည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းကို ပညာရတနာခန်းမ၌ကျင်းပရာ အ.ထ.က(ချင်းမြောင်) ကျောင်းသား၊ ကျောင်းသူများက "အလှဆုံးပန်းများ ပွင့်ကြပြီ" သီချင်းဖြင့် အခမ်းအနားအား သီဆို ဖွင့်လှစ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးခင်မောင်ကြည်က အဖွင့်အမှာ စကား ပြောကြားရာတွင် “ မိမိတို့ တိုင်းဒေသကြီးအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို မြို့နယ် ၂၆ ခုတွင် ကျင်းပပေးလျက်ရှိရာ ခုဆိုရင် ၁၉ ကြိမ်မြောက်ဖြစ်ပါကြောင်း၊ ဘဝအသက်ရှင် ရပ်တည်နိုင်ရေးအတွက် ရုန်းကန်ကြတဲ့အခါ ပညာဆိုတဲ့ အရင်းအနှီးဟာ အင်မတန် တန်ဖိုးကြီးပါကြောင်း၊ စာပေဖတ်ခြင်းမှ ပညာတွေရနိုင်တဲ့အပြင် ပညာဆိုတာ ခွဲခြားသိမြင်နိုင်သော အသိဉာဏ်လို့ မြန်မာ အဘိဓာန်မှာ ဖွင့်ဆိုထားတဲ့အတွက် ပညာဆိုတဲ့ ဝေါဟာရကို အတတ်ပညာ၊ အသိပညာဆိုပြီး ထပ်မံ ခွဲခြားနိုင်ပါကြောင်း၊ အတတ်ပညာဆိုတာ နှုတ်မှု၊ လက်မှုပညာတွေဖြစ်ပြီး အသိပညာဆိုတာကတော့ ကြားမြင်ရာမှဖြစ်စေ၊ ဖတ်ရှုလေ့လာရာမှ ဖြစ်စေရတဲ့ ပညာလို့မှတ်သား သိရှိရပါကြောင်း၊ အနာဂတ် ပုံဖော်ထုဆစ်ကြမည့် လူငယ်လူရွယ်များ အသိပညာဗဟုသုတနှင့် ပြည့်စုံ စေ၍  အများအကျိုး၊ နိုင်ငံအကျိုး သယ်ပိုးထမ်းဆောင်နိုင်သည့် လူတော်လူကောင်းများ ပေါ်ထွန်းစေ ရေး ဝိုင်းဝန်ကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။ ထို့နောက် နိုင်ငံအကျိုး အတွက် မျှော်မှန်းရည်ခိုင်မာတိုးတက်စေရမည်” video clip အားပြသပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်မှ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အထိမ်းအမှတ် အမှတ်တရလက်ဆောင်အား လူမှုရေးဝန်ကြီးထံပေးအပ်ခဲ့သည်။ ယင်းနောက် လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူများက အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလေးများ၏ ဖျော်ဖြေရေး အစီအစဉ်များအား ကြည့်ရှုအားပေးခဲ့ပြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးပွဲတော်အတွင်း ခင်းကျင်းပြသထားသည့် ဌာနဆိုင်ရာပြခန်းများ၊ စာအုပ် အရောင်းဆိုင်များ၊ ကာယ၊ ဥာဏပြိုင်ပွဲများအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။ မွန်းလွဲပိုင်းတွင် လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲများကို ကျင်းပလျက်ရှိကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)