မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဥစားကြက်မွေးမြူထုတ်လုပ်သူများနှင့် တွေ့ဆုံ

တောင်တွင်းကြီး နိုဝင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့ နေလယ် (၂) နာရီအချိန်က တောင်တွင်းကြီးမြို့နယ်၊ ခင်တဲကျေးရွာအုပ်စု၊ ကျောင်းကုန်းကျေးရွာရှိ ဥစားကြက်မွေးမြူထုတ်လုပ်သူ ဒေါက်တာကျော်ဇင်ထွန်း၏ ဥစားကြက်မွေးမြူရေးခြံသို့ရောက်ရှိကာ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ဥစားကြက်မွေးမြူထုတ်လုပ်သူလုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်နိုင်ရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ အလေးထားဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဥစားကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူ ဒေါက်တာကျော်ဇင်ထွန်းက ဥစားကြက်မွေးမြူရေးဆိုင်ရာအချက်အလက်များ၊ ဥစားကြက်မွေးမြူထုတ်လုပ်မှုဆိုင်ရာအချက်အလက်များ၊ ဥစားကြက်မွေးမြူထားရှိမှုအခြေအနေများအား ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဥစားကြက်မွေးမြူထားရှိမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ဥစားကြက်မွေးမြူရေးလုပ်ငန်းလုပ်ကိုင်လျက်ရှိသည့် ဒေါက်တာ ကျော်ဇင်ထွန်း၏ ခြံတွင် ဥဆဲကြက် (၈၈၀၀) ကောင်၊ (၂၂) ပတ်သားကြက် (၁၆၀၀) ကောင် စုစုပေါင်း ကြက်ကောင်ရေ (၁၁၀၀၀) ကောင်ရှိပြီး တစ်ရက်လျှင် ကြက်ဥ (၇၂၀၀)လုံးထွက်ရှိကာ ဥထုတ်လုပ်မှု (၈၀)ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

နောင်နောင် (ပြန်/ဆက်)