မင်းဘူး နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနက အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားနေသော ယနေ့ခေတ် ကျောင်းသားလူငယ်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သိရှိနားလည်သဘောပေါက်စေရန် အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း အစီအစဉ်များကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခိုင်မင်းအောင်က ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး ကျောင်းတွင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းက ယနေ့ခေတ် ကျောင်းသားလူငယ်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးသိကောင်းစရာခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောဆွေးနွေး ခဲ့သည်။
ထို့နောက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်ခြင်း အစီအစဥ်များနှင့် သဘာဝဘေးရှာဖွေကူညီကယ်ဆယ်ရေး လက်တွေ့သရုပ်ပြခြင်း အစီအစဥ်များကို အဆိုပါကျောင်းဝင်းအတွင်း၌ ဆက်လက်ဆောင်ရွက်ရာ မင်းဘူးခရိုင် မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း ဦးဆောင်ပြီး ခရိုင်နှင့်မြို့နယ် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ယနေ့ခေတ် ကျောင်းသားလူငယ်လေးများ မိမိတို့ပတ်ဝန်းကျင်တွင် မီးဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့လာပါက ရှေးဦးမီးငြှိမ်းသတ်ခြင်းကို အလျှင်အမြန်တုန့်ပြန်ဆောင်ရွက် နိုင်စေရန်အတွက် လက်တွေ့သရုပ်ပြခြင်း၊ မီးသတ်ဆေးဘူးအား ကိုင်တွယ်အသုံးပုံ အဆင့်ဆင့်နှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများအပြင် မီးဘေး၊ ရေဘေး၊ ငလျင်ဘေးစသည့် သဘာဝဘေးများဖြစ်ပွားချိန်၌ ပိတ်မိနေသူများအား မီးသတ်ဦးစီးဌာနမှ အရေးပေါ်ရှာဖွေ ကူညီကယ်ဆယ်ရေးအဖွဲ့များမှ အချိန်နှင့်တပြေးညီ သွားရောက်ရှာဖွေကူညီခြင်းနှင့် ကြိုးကူးရှာဖွေကူညီကယ်ဆယ်ရေး လုပ်ငန်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ရာ အဆိုပါ အစီအစဉ်များတွင် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)