တောင်တွင်းကြီး နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီး MSME Agencyမှ ကြီးမှူး၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ပဲကြော်၊ ပဲလှော်လုပ်ငန်းများအတွက် စွန့်ပစ်ရေသန့်စင်ခြင်း (Wastewater Treatment) ဆိုင်ရာ ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က တောင်တွင်းကြီးမြို့၊ သာသနာ့ဗိမာန်ခန်းမတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့သည်။
ဦးစွာ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံစီးပွားရေး၏ အဓိက ကျောရိုးသဖွယ်ဖြစ်သော MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒေသတစ်ခုထုတ်ကုန်တစ်ခု (One Region One Product) အစီအစဥ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးကဏ္ဍ၊ MSME ကဏ္ဍတို့မှ အလားအလာရှိသော ထုတ်ကုန်အမယ် (၁၁) မျိုးကို ရွေးချယ်ပြီး လိုအပ်သည်များပံ့ပိုးပေးခြင်း၊ ချေးငွေများထုတ်ချေးပေးခြင်း၊ ထုတ်ကုန်များ၏ အရည်အသွေးပိုင်းဆိုင်ရာ၊ ထုပ်ပိုးမှုပိုင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ ကျင်းပပေးခြင်း၊ စျေးကွက်ရရှိရေးအတွက် ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ (OROP)ကဏ္ဍတွင် ပါဝင်သော MSME လုပ်ငန်းများကို ပံ့ပိုးပေးနိုင်ရန်အတွက် ပဲကြော်၊ ပဲလှော်လုပ်ငန်း၏ စွန့်ပစ်ရေသန့်စင်ခြင်း (Wastewater Treatment)ဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပပေးရခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီး MSME အေဂျင်စီက ကြီးမှူး၍ ပဲကြော်၊ ပဲလှော်နှင့် အကြော်စုံလုပ်ငန်းရှင်များအတွက် ၂၀၂၄ ခုနှစ်၊ သြဂုတ်လအတွင်းက Packaging၊ Labelling and Food Safety ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ယခုဆွေးနွေးပွဲမှာ ပဲကြော်လုပ်ငန်းရှင်များအတွက် ဒုတိယအကြိမ်ဆွေးနွေးပွဲဖြစ်ပါကြောင်း၊ မိမိတို့၏ ထုတ်လုပ်မှုလုပ်ငန်းစဥ်များကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ ဆောင်ရွက်နိုင်ရေးနှင့် ကောင်းမွန်သန့်ရှင်းသော ထုတ်လုပ်မှုနည်းစနစ်များ(GMP)နှင့်အညီ ထုတ်လုပ်နိုင်ရန် လိုအပ်ပါကြောင်း၊ ပဲကြော်၊ ပဲလှော်လုပ်ငန်းများအပါအဝင် ရေဆိုးထွက်ရှိသည့် လုပ်ငန်းများကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းနှင့် ညီညွှတ်ပြီး သန့်ရှင်းသောလုပ်ငန်းခွင်ဖြစ်လာစေခြင်းနှင့် MSME ဖွံဖြိုးတိုးတက်မှုမှတစ်ဆင့် ဒေသခံများ၏ ဝင်ငွေနှင့်အလုပ်အကိုင်များတိုးပွားလာပြီး တိုင်းဒေသကြီး၏ စီးပွားရေးဖွံဖြိုးမှု မြင့်မားလာသည်အထိ အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
ဆက်လက်၍ ရွှေပြည်အေးကုမ္ပဏီလီမိတက်၊ မကွေးတိုင်းဒေသကြီး တာဝန်ခံ ဦးဝင်းသန်းက ပဲကြော်၊ ပဲလှော်နှင့် အကြော်စုံလုပ်ငန်းရှင်များအတွက် (Wastewater Treatment) ဆိုင်ရာ အသိပညာများနှင့် နည်းပညာများအားမျှဝေခဲ့ပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိရှိလို့သည့်အကြောင်းအရာများအား မေးမြန်းကြရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။
နောင်နောင် (ဗိဿနိုးမြေ)