မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပနိုင်ရေး မန်းရွှေစက်တော်ဘုရားဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲအခမ်းအနား ကျင်းပ

မင်းဘူး နိုဝင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မန်းရွှေစက်တော်ဘုရားဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် မင်းဘူးမြို့ မဟာဝိသုတာရာမ တိုက်သစ် ပဓာနနာယက ဘဒ္ဒန္တဉာဏိက အရှင်သူမြတ်မှ ငါးပါသီလ ချီးမြှင့်ပေးတော်မူသည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် တောင်တွင်းကြီးမြို့ ငှက်ပစ်တောင်ကျောင်းတိုက် ပဓာနနာယက ဘဒ္ဒန္တမာနိတ အရှင်သူမြတ်အမှူးပြုသော  မန်းရွှေစက်တော်ဘုရား ဩဝါဒါစရိယ ဆရာတော်ကြီးများမှ ဩဝါဒကထာ ချီးမြှင့်ပေးတော်မူရာ မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးကို နှစ်စဉ် တပို့တွဲလဆန်း(၅)ရက်မှ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ အစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့်အတွက် ယခင်နှစ်များကဲ့သို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေးကို အလေးထားပြီး စနစ်တကျ စီစဉ်ဆောင်ရွက်ပေးစေလိုကြောင်း မိန့်ကြားတော် မူသည်။

ဆက်လက်၍ မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်၊ မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုနှင့်တာဝန်ရှိသူများက ဘုရားကြီးနှင့်ပတ်သက်သည့် သာသနာရေးဆိုင်ရာကိစ္စရပ်များ၊ မန်းရွှေစက်တော်ဘုရားပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းအစီအမံများနှင့် ဘုရားပွဲတော်ရက်မတိုင်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စရပ်များကို မန်းရွှေစက်တော်ဘုရား ဩဝါဒါစရိယ ဆရာတော်ကြီးများထံ လျှောက်ထားဩဝါဒခံယူပြီးနောက် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။

မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၌ (က)အဆင့်စာရင်းဝင် ဘုရားကြီးဖြစ်သည် နှင့်အညီ ဘုရားပွဲတော်ကိုလည်း နှစ်စဉ် တပို့တွဲလဆန်း(၅)ရက်မှ မြန်မာနှစ်ဆန်း တစ်ရက်နေ့အထိ ကျင်းပပြုလုပ်လေ့ရှိကြောင်း၊ မန်းရွှေစက်တော်ဘုရားကြီး၏ (၂၀၂၅ ခုနှစ်) ဗုဒ္ဓပူဇနိယ ဘုရားပွဲတော် ကြီးအား ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ဧပြီလ ၁၇ ရက်နေ့အထိ ရက်ပေါင်း (၇၅)ရက်ကြာ အစဉ်အလာမပျက် ကျင်းပဆောင်ရွက်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)