ဒီးမော့ဆို နိုဝင်ဘာ ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒီးမော့ဆိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန် ၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုခြင်းဖြင့် မိသားစု ဝင်ငွေရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီခွဲအချိန်တွင် ဒီးမော့ဆိုမြို့နယ်၊ ဒီးမော့ဆိုကျေးရွာအုပ်စု၊ ဒေါငံခါး(၂)ရပ်ကွက်ရှိ ခန်းမဆောင်၌ အခြေခံ နှင့် အဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ် (၂/၂၀၂၀) ကို ဖွင့်လှစ်ပေးသည်။
ဖွင့်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပေါလ်ဆိုင်း က အမှာစကားပြောကြားပြီး ကယားပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင် က သင်တန်းဖွင့်လှစ်ပေးရခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် လွိုင်ကော်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသောင်းမြင့် က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ဒီးမော့ဆိုကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူ (၃၀)ဦး တက်ရောက်ကြပြီး စက်ချုပ်လုပ်ငန်းဖြစ်သော ဘောင်သဘက်၊ မာဖလာ၊ ကုတ်အင်္ကျီ၊ ရှပ်အင်္ကျီ၊ ဝမ်းဆက်(အင်္ကျီ၊ထဘီ၊ စကတ်)၊ ဘလောက်အင်္ကျီ၊ စားပွဲစကတ်၊ ကလစ် စသော အမျိုးအစား(၈)မျိုးကို ကျန်းမာရေး ညွှန်ကြားနှင့်အညီ နိုဝင်ဘာလ ၂၆ ရက်နေ့ မှ ဇန်နာဝါရီလ ၈ ရက်နေ့အထိ (၄၅)ရက်ကြာ သင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကြီးဒဲရယ်