ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီရုံး၏ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းကွင်းဆင်းအဖွဲ့ခေါင်းဆောင် Ms.Cherine Pollini နှင့်အဖွဲ့အားတွေ့ဆုံ

ဘားအံ နိုဝင်ဘာ ၂၈

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross-ICRC)ရုံး၏ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ကွင်းဆင်းအဖွဲ့ခေါင်းဆောင် Ms.Cherine Pollini နှင့်အဖွဲ့အား ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross-ICRC)ရုံး၏ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ကွင်းဆင်းအဖွဲ့ခေါင်းဆောင် Ms.Cherine Pollini က ICRC ၏ အခြေခံမူနှင့် ကရင်ပြည်နယ်အတွင်း ဘေးဒုက္ခရောက်သူများအား ကူညီထောက်ပံ့ပေးခြင်း၊ အကာအကွယ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ၊ လိုအပ်ချက်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် အဓိကထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ကရင်ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ (၅/၂၀၂၄)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်(၇)မြို့နယ်မှ ရပ်ကွက်ပေါင်း(၆၇)ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း(၁၉၀)အုပ်စုတွင် စာရင်းကောက်ယူနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်မှုအတွက် ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းနှင့် ပန်းခင်းစီမံချက်အဆင့်(၃)တို့ကို သတ်မှတ်ကာလအတွင်းအောင်မြင်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးကျော်မြင့်က ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်သို့ ပြီးစီးမှုတင်ပြချက်၊ ကောက်ယူပြီးစီးမှုရာနှုန်း(၃)မျိုး၊ ကောက်ယူပြီးစီးမှုအရ လူဦးရေဆိုင်ရာ တင်ပြချက်၊ ကောက်ယူရန်ကျန် ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာစာရင်းတို့ကို ရှင်းလင်းတင်ပြပြီး ခရိုင်သန်ခေါင်းစာရင်းကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်/မြို့နယ်များအလိုက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူပြီးစီးမှု၊ ပန်းခင်းစီမံချက်အဆင့် (၃) ဆက်လက်ဆောင်ရွက်နေမှုနှင့် ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေး တင်ပြကြသည်။

ယင်းနောက် ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၊ ခရိုင်၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီများ၊ စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များသို့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)