လိပ်သို နိုဝင်ဘာ ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် ဒေသထွက်ကုန်ဖြစ်သော တောင်ပေါ်ကွမ်းကြမ်းများ အရောင်းအဝယ်ဖြစ်လျက်ရှိသောကြောင့် ကွမ်းစိုက်ပျိုးသူဒေသခံတောင်သူများက လိပ်သို-သံတောင်ကြီး-တောင်ငူ-ကျောင်းကုန်း ကျေးရွာ လမ်းဆုံတွင် ကွမ်းကြမ်းများ ရောင်းဝယ်လျက်ရှိကြကြောင်း သိရသည်။
ကွမ်းပင်များ အောင်မြင်ဖြစ်ထွန်းစေရန်အတွက် ရေလိုအပ်ချိန် ရေတင်ခြင်း၊ နွယ်ပင်ဖြစ်သောကြောင့် ကွမ်းရွက်ပင်စည်နှင့် ကွမ်းအညွှန့်များအား ဝါးတိုင်များ၊ သစ်ပင်များနှင့် တွဲ၍ချည်ပေးခြင်း၊ အပင်ဖြစ်ထွန်းမှု အားကောင်းစေရန်အတွက် ကွမ်းပင်အခြေများအား ပေါင်းရှင်းပေးခြင်း၊ အစိုဓာတ်မပြတ်ရေသွင်းခြင်း စသဖြင့် လိုအပ်သည့်လုပ်ငန်းများကို လုပ်ဆောင်ပေးရကြောင်း၊ ပိုးမွှားများကျရောက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြုလုပ်ပေးရကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။
လိပ်သိုဒေသထွက် ကွမ်းကြမ်းလက်လီတစ်ပိဿာလျှင် (၄၀၀၀ဝိ/-) ကျပ်မှ (၆၀၀၀ဝိ/-) ကျပ်အထိ ဈေးနှုန်းရရှိကြောင်း၊ ဒေသထွက် ကွမ်းရွက်များမှာ မိုးလယ်/ မိုးနှောင်းရာသီများတွင် အထွက်နှုန်းကောင်းပြီး နွေရာသီနှင့် ဆောင်းရာသီများတွင် ကွမ်းရွက်အထွက်နှုန်း လျော့နည်းကြောင်း၊ လိပ်သိုဒေသရှိ ငပိုးကြီး၊ဒေဒါခို၊ လေလော်ဒေး၊ အီးအယ်၊ ဟယ်ဒိုး၊ မိုင်းလွန်ကျေးရွာများတွင် ကွမ်းပင်များကို အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။
ခင်လေးနွယ်