ကလိန်အောင် နိုဝင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ဒေသတွင် ရာသီပေါ်နှစ်ရှည်သီးနှံတစ်ခုဖြစ်သည့် ကွမ်းသီးဈေးနှုန်းမှာ မနှစ်ကထက် ဈေးပိုရရှိကြောင်း ကွမ်းသီးခြံစိုက်ပျိုးလုပ်ကိုင်နေသူတွေထံမှ သိရသည်။
ကလိန်အောင်မြို့မှာ ကွမ်းသီးဈေးကျနေတာ နှစ်နှစ်လောက်ရှိပြီ၊ မနှစ်က ကွမ်းသီးအခြောက် တစ်ပိဿာကို ငွေ (၄၀၀၀) ကျပ်၊ ကွမ်းသီးအစိုတစ်လုံးကို ငွေ (၁၈) ကျပ်၊ ဒီနှစ်မှာတော့ ကွမ်းသီးအခြောက်တစ်ပိဿာကို ငွေ (၁၀၅၀၀) ကျပ်၊ ကွမ်းသီးအစိုတစ်လုံးကို ငွေ (၅၀) ကျပ်ဖြင့် ရောင်းချနေရကြောင်း ကလိန်အောင်မြို့ရှိ ကွမ်းသီးခြံစိုက်ပျိုးလုပ်ကိုင်နေတစ်ဦးက ပြောသည်။
“ဒီနှစ်က ကွမ်းသီးအထွက်နှုန်းလည်း နည်းတယ်၊ ပြီးတော့ ခြံပိုင်ရှင်တွေက ကွမ်းသီးမမှည့်ချိန် ကွမ်းသီးအနုတွေကို အရင်ခူးကြရတာများတော့ ဒီနှစ်က ဈေးကောင်းနေတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
ကလိန်အောင်မြို့တွင် ကွမ်းသီးခြံများကို ခြံပိုင်ရှင်ကိုယ်တိုင် ခူးဆွတ်လုပ်ကိုင်ကြသလို တစ်ချို့ဥယျာဉ်ခြံပိုင်ရှင်များမှာ ကွမ်းသီးမထွက်မီ ခြံကို အသီးအစားအလိုက် ကွမ်းသီးရာသီအကုန်အထိ အသီးစား ရောင်းချကြကြောင်း သိရသည်။
ကလိန်အောင်မြို့နှင့်အနီးဝန်းကျင် ကျေးရွာများမှာ ထွက်ရှိသည့် ကွမ်းသီးများကို လိုက်လံဝယ်ယူပြီး မော်လမြိုင်မြို့နှင့် ရန်ကုန်မြို့သို့ အဓိကထားပြီး တင်ပို့ရောင်းချနေကြောင်း သိရသည်။
ကလိန်အောင်မြို့သည် စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးအဖြစ် အဓိကလုပ်ကိုင်လျက်ရှိပြီး ကွမ်းသီးခြံများကို မြို့အတွင်းရှိ ကျေးရွာများဖြစ်သော ကျောက်ရှပ်၊ ရေပုံး၊ နှမ်းကျဲ၊ မိကျောင်းလှောင်း၊ ရာဖူး စသည့် ကျေးရွာများတို့က တောင်သူများ စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)