ဓနုဖြူ နိုဝင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ရေး၊ ကျဆင်းရေးနှင့်ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဦးစီးကော်မတီ၏ ကြီးကြပ်မှုဖြင့် အခြေခံအိမ်ထောင်စုများအား ကြက်ဥများကို သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်း လူစည်ကားရာနေရာများ၌ ရောင်းချပေးခဲ့သည်။
ဓနုဖြူမြို့နယ်အတွင်း ကုန်စျေးနှုန်းတည်ငြိမ်စေရန်အတွက် အခြေခံအိမ်ထောင်စုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မြို့မစျေးကြီးရှေ့တွင်လည်းကောင်း၊ အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်လူစည်ကားရာနေရာများတွင် ကြက်ဥ တစ်လုံးလျှင် (၃၅၀) ကျပ်နှုန်းဖြင့် စျေးနှုန်းချိုသာစွာရောင်းချပေးခဲ့ပြီး ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်ဖြစ်သည့် ကြက်ဥများကို ခြံစျေးဖြင့် ချိုသာသောစျေးနှုန်းဖြင့် ဝယ်ယူနိုင်စေရေး ခရိုင်အတွင်းရှိ ခြံလုပ်ငန်းရှင်များနှင့် ညှိနှိုင်းကာ နေ့စဥ် အလုံး ၃၀၀၀ ကျော်ကို ရောင်းချပေးသွားမည်ဖြစ်ပါကြောင်းသိရသည်။
အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)