စစ်ကိုင်းမြို့တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်

စစ်ကိုင်း နိုဝင်ဘာ ၂၈

စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက စစ်ကိုင်းမြို့၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ မြတ်ဇေယျာခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး အ‌သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မောင်းက ၂၀၂၄ -  ၂၀၂၅  ဘဏ္ဍာနှစ်တွင် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင် ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းအရ ဖွင့်လှစ်ခဲ့သည့် စက်ချုပ်နည်းပညာ အခြေခံနှင့်မွမ်းမံသင်တန်း၊ တန်ဖိုးမြှင့်စားသောက်ကုန် (Bakery)အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ အခြေခံနှင့်မွမ်းမံသင်တန်းများ တက်ရောက်ခဲ့ကြသည့် သင်တန်းသူများအနက်မှ ထူးချွန်သည့် သင်တန်းသူ(၅)ဦးစီအား လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ  ဖြစ်စေနိုင်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသ ကြီးဦးစီးမှူး ဦးအောင်မောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက လုပ်ငန်းသုံးပစ္စည်းများနှင့် သင်တန်းဆင်းလက်မှတ်များကို သင်တန်းသူများအားပေးအပ်ပြီး သင်တန်း သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသ ကြီးဦးစီးမှူး ဦးအောင်မောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းအရ ထောက်ပံ့ပေးအပ်သည့် လုပ်ငန်းသုံးပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်(ပြန်/ဆက်)