ကျွန်းလှ နိုဝင်ဘာ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို နိုဝင်ဘာ (၂၈) ရက်နေ့နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း (ကျွန်းလှ) ၌ ကျင်းပသည်။
အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက “ ပညာဘဏ်တိုက် စာကြည့်တိုက် သို့သွးကြစို့” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်ဖြစ်စေရန်၊ အချင်းချင်းဆွေးနွေးတတ်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိပြီး အသိပညာဗဟုသုတ ကြွယ်ဝစေရန်၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန် ကျင်းပခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး “ထိန်းသိမ်းစို့လေ စာပေအမွေ” သီးချင်းဖြင့် အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်နှင့် တာဝန်ရှိသူများက ကျပန်းစကားပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ စာဖတ်ဝိုင်းဆွေးနွေးပွဲတို့ကို ကြည့်ရှုအားပေး၍ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပြီး ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြသည်။
ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို လေ့လာကြည့်ရှုကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ