ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံစုံ ၁၀၆၃ ဧက စိုက်ပျိုးပြီးစီး

ပွင့်ဖြူ နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံစုံ ၁၀၆၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံစုံ ၂၅၅၇ ဧက စိုက်ပျိုးရန်လျာထားပြီး ဒေသခံတောင်သူများက သတ်မှတ်စိုက်ဧကပြည့်မီစေရန် ယခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့အထိ စားဖိုဆောင်သီးနှံစုံ ၁၀၆၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

"ဒီနှစ် ဆောင်းရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်ပြီး စားဖိုဆောင် သီးနှံစုံ ၂၅၅၇ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့အထိ စားဖိုဆောင်သီးနှံစုံ ၁၀၆၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ သတ်မှတ်စိုက်ဧကတွေ ပြည့်မီဖို့၊ ထွက်ရှိလာတဲ့ သီးနှံတွေမှာ အစားအစာဘေးကင်းလုံခြုံစေဖို့နဲ့ အထွက်နှုန်းတွေ ကောင်းမွန်စေဖို့အတွက် ဒေသခံတောင်သူတွေကို GAP နည်းစနစ်များနှင့်အညီ စိုက်ပျိုးနိုင်အောင်၊ စိုက်ပျိုးရေးသွင်းအားစုပစ္စည်းတွေ အသုံးပြုရာတွင် သဘာဝပိုးသတ်ဆေးနဲ့ သဘာဝမြေဩဇာများကို စနစ်တကျကိုယ်တိုင်ထုတ်လုပ် အသုံးပြုတတ်အောင် လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စားဖိုဆောင်သီးနှံစုံများစိုက်ပျိုးခြင်းကို လျာထားချက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယနေ့ထိ စိုက်ပျိုးပြီးစီးသည့် စားဖိုဆောင်သီးနှံများမှာ ငရုပ်ခြောက် ၅၀၉ ဧက ၊ ကြက်သွန်နီ ၅၁၆ ဧက ၊ ကြက်သွန်ဖြူ ၃၈ ဧက ၊ စုစုပေါင်း စားဖိုဆောင်သီးနှံစုံ ၁၀၆၃ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)