မော်လမြိုင်ကျွန်းမြို့နယ်၊ ကြောင်ထောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေး ဟောပြောပွဲဆောင်ရွက်

 မော်လမြိုင်ကျွန်း နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပူပေါင်း၍ အသိပညာဟောပြောပွဲအား ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကြောင်ထောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်က အားကစားနှင့် လူငယ်ရေးရာ သိကောင်းစရာများအကြောင်း၊  ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ  ဒေါ်ဇာဇာလင်းမှ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအကြောင်းများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစားစောင်များ ဖြန့်ဝေခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင်က အမျိုးသမီး လိင်အကြမ်းဖက်မှု ဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နှင်းရည်စိုးက ရေချို၊ ရေငန် ငါး၊ ပုစွန် သယံဇာတ နှစ်ရပ်လုံးပေါကြွယ်ဝသည့် မိမိတို့နိုင်ငံအနေဖြင့် ငါးလုပ်ငန်းကဏ္ဍသည် လူမှုရေး၊ စီးပွားရေးအတွက် လွန်စွာအရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှုသာမက ပြည်ပပို့ကုန်အဖြစ် နိုင်ငံခြားဝင်ငွေရရှိသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ မွေးမြူခြင်း၊ ဖမ်းဆီးခြင်း၊ ပြုပြင်အေးခဲထုတ်လုပ်ခြင်း၊ တင်ပို့ခြင်းစသည့် လုပ်ငန်းများ မှန်ကန်စွာ ထိန်းသိမ်းစီမံခန့်ခွဲရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)