ရေနံချောင်း နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ကျမ်းကိုင်ကျွန်းကျေးရွာအုပ်စု ရွာသာအေးကျေးရွာတွင် နိုဝင်ဘာ တတိယပတ်က ဧရာဝတီမြစ်ရေတိုက်စားကာ နေ့စဉ်ကမ်းပါးပြိုကျနေပြီး အမှတ်(၇၇) အခြေခံပညာမူလတန်းကျောင်းဆောင်အနီးသို့ ရောက်ရှိလာသည့်အတွက် ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်မဖြစ်ပွားစေရေး ကျောင်းဆောင်အား ကြိုတင်ဖျက်သိမ်းပြောင်းရွေ့ထားကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။
ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျကာ ကျောင်ဝန်းမြေဧရိယာနဲ့ ပေ ၂၀ အကွာအထိ ရောက်ရှိခဲ့ခြင်းကြောင့် ကျောင်းဆောင်ပျက်စီးဆုံးရှုံးမှုမရှိစေရေးနဲ့ ဆရာဆရာမတွေနဲ့ ကျောင်းသား ကျောင်းသူတွေ ဘေးအန္တရာယ်မရှိစေရေး အရေးပေါ်ဖျက်သိမ်းပြောင်းရွေ့ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိကျောင်းဆောင်ကို ကမ်းပါးပြိုဘေးကင်းလွတ်နိုင်မယ့်နေရာကို ပြောင်းရွေ့ဆောက်လုပ်ဖို့ ကျေးရွာတာဝန်ရှိသူတွေနဲ့ မြေနေရာရွေးချယ်နေဆဲဖြစ်ပြီး သင်ခန်းစာနောက်မကျစေရေး ကျောင်းသား၊ ကျောင်းသူတွေကို ကျေးရွာဘုန်းတော်ကြီးကျောင်းမှာ ပြောင်းရွေ့စာသင်ကြားပေးနေကြောင်း မြို့နယ်ပညာရေးမှူးက ပြောသည်။
ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားပြီး ကမ်းပါးပြိုကျမှုကြောင့် ရွာသာအေးကျေးရွာ အ.မ.က(၇၇)ကျောင်း အလျား ၈၀ ပေ၊ အနံ ၃၀ ပေ၊ ပျဉ်ခင်း ပျဉ်ကာ သွပ်မိုး ခြေတန်ရှည်တစ်ထပ် ကျောင်းဆောင်အား နိုဝင်ဘာ ၂၁ ရက်နေ့က အရေးပေါ်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ပြီး ကျောင်းဆောင်ပြည်လည်ဆောက်လုပ်ရန် မြေနေရာရွေးခြယ်နေကြောင်းနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြောင်းရွေ့ကာ သင်ခန်းစာများ ဆက်လက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)