ကျုံပျော် နိုဝင်ဘာ ၂၈
ပြည်တွင်းစားသုံးဆီဖူလုံရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ ရရှိရေးအတွက် ဆီထွက်နေကြာသီးနှံများကို စိုက်ပျိုးလျှက်ရှိရာ အထွက်နှုန်းကောင်းမွန်ရေးနှင့် စိုက်ပျိုးမှုစနစ်တကျရှိစေရေးအတွက် ၂၀၂၄ -၂၀၂၅ ခုနှစ် ဆောင်းရာသီနေကြာသီးနှံမျိုးစေ့ချစိုက်ပျိုးခြင်း အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မြေရဲတောင်အုပ်စု၊ တောင်သူဦးတင်ရှိန်၏ လယ်ယာမြေအတွင်းရှိ နေကြာသီးနှံမျိုးယှဉ်ပြိုင်သုတေသနစမ်းသပ်ကွက် စံပြစိုက်ခင်းအတွင်း၌ နိုဝင်ဘာ ၂၈ ရက် နံနက် ၈ နာရီက ပြုလုပ်သည်။
အခမ်းအနားသို့ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများနှင့် တောင်သူများ အသီးသီးတက်ရောက်ကြပြီး၊ ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးသန်းဇော်ထိုက်က နေကြာစိုက်ပျိုးလျှက်ရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တက်ရောက်လာသူများက မျိုးစေ့ချစိုက်ပျိုးခြင်း လက်တွေ့ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုအားပေးရာ၊ စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများ ပူးပေါင်း၍ စံပြစိုက်ခင်းအတွင်း နေကြာမျိုးစေ့များအား စနစ်တကျစိုက်ပျိုးခဲ့ကြသည်။
ယနေ့စိုက်ပျိုးသည့် နေကြာမျိုးများမှာ ရေဆင်း-၁ စပ်မျိုး(အပင်ပု)၊ ရေဆင်း-၁ စပ်မျိုး (အပင်ရှည်)၊ Supersun - 41၊ ဆင်းရွှေကြာ -၂ နှင့် ရေဆင်း စပ်မျိုး - ၁ တို့ဖြစ်ပြီး၊ ကျုံပျော်မြို့နယ်အတွင်း နေကြာစိုက်ပျိုးမှုအောင်မြင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက နေကြာစိုက်တောင်သူများထံ ကွင်းဆင်း၍ စိုက်ပျိုးရေးနည်းပညာပေးခြင်းများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)