ဟင်္သာတ နိုဝင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှုကိုခံယူ၍ ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟ ဦးဆောင်ကြီးကြပ်မှုဖြင့် ဘာသာရပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများမှ နိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ပေးခြင်းကို နိုဝင်ဘာ ၂၇ ရက်နေ့က အဆိုပါနေရာတွင် ပြုလုပ်ခဲ့သည်။
အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဟင်္သာတခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်း ဦးဆောင်၍ သမားတော်ကြီး ဒေါက်တာသက်သက်ထွန်းနှင့် ဘာသာရပ်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများမှ ပြည်သူ့ဆေးရုံကြီး အရေးပေါ်နှင့် ပြင်ပလူနာဌာနတို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား(၇၀)ဦးတို့အား လိုအပ်သော ဓါတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ ဓါတ်မှန်၊ Ultrasound၊ ECG စက်များဖြင့် ရောဂါရှာဖွေစမ်းသပ်ခြင်း၊ ခေတ်မှီမျက်စိစမ်းသပ်စက်ကိရိယာများဖြင့် စစ်ဆေးပေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီး လိုအပ်သော ဆေးဝါးအမျိုးအစား(၈၀)မျိုးတို့အား ထောက်ပံ့ပေးခြင်း၊ ရောဂါအမျိုးအစားအလိုက် ဆေးကုသမှုများကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါဆေးကုသပေးနေမှုတို့အား ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်မြသန်းနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)