သာယာဝတီ နိုဝင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ပန်းကန်စက်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျွဲသတ်အုပ်စု၊ အင်းရွာရှိ အမှတ်(၃၄) အကြီးစားစက်မှုဝန်ကြီးဌာန ပန်းကန်စက် စက်ရုံ ဧည့်ရိပ်သာ၌ ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးနေလင်းအောင်က သမဝါယမလုပ်ငန်းများနှင့်စပ်လျဥ်း၍ အမှာစကားပြောကြားပြီး အသင်းအဖွဲ့၏ အစီရင်ခံစာ၊ ဘဏ္ဍာရေးရှင်းတမ်းများနှင့် ရှေးလုပ်ငန်းစဥ်များကို ဆွေးနွေးအတည်ပြုပြီး ပညာသင်ထောက်ပံ့ငွေ နှစ်သိန်းနှစ်သောင်းကျပ်နှင့် စုဆောင်းငွေပေါ် အတိုးငွေကျပ် တစ်ဆယ့်ငါးသိန်းနှစ်သောင်းခြောက်ထောင်ရှစ်ရာတစ်ဆယ့်ကိုးကျပ်၊ စုစုပေါင်းငွေကျပ် တစ်ဆယ့်ခုနစ်သိန်းလေးသောင်းခြောက်ထောင်ရှစ်ရာတစ်ဆယ့်ကိုးကျပ်တို့အား တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
ဆက်လက်၍ အသင်းအမှုဆောင်သစ်ရွေးချယ်ခြင်းကို မြို့နယ်ဖွဲ့စည်းရေးကော်မတီအဖွဲ့က သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေနှင့်အညီ အမှုဆောင်အဖွဲ့ ခုနစ်ဦးကို ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)