မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ကသာ နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက "ဘက်စုံပညာကိုရည် တို့လှမ်းချီ" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ပြီး တာဝန်ခံ ခရိုင်ပညာရေးမှူး ဦးမြင့်စိုးနှင့် တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးအောင်ကိုမင်းတို့က အမှာစကား ပြောကြားခဲ့ကြသည်။ ဆက်လက်၍ ဆုရကျောင်းသား/ကျောင်းသူနှစ်ဦးတို့က အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၏ အတွေ့အကြုံများနှင့် ကျောင်းစာကြည့်တိုက်ကို သွားရခြင်း၏ အကျိုးကျေးဇူးများအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ကြပြီး အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတို့တွင် ထူးချွန်ဆုရရှိခဲ့ကြသော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် အခမ်းအနားကို အမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူလေးများက "ပန်းတိုင်းပွင့်ပြီ ဤဌာနီ" သီချင်းဖြင့် သီဆိုပိတ်သိမ်းခဲ့ကြောင်းနှင့် ဆုရ ကျောင်းသား/ ကျောင်းသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)