ဘုတ်ပြင်း နိုဝင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းက ဘုတ်ပြင်းမြို့ ရွှေဘုံသာရပ်ကွက် တပင်ရွှေထီးလမ်း၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောက်လုပ်နေသည့် (၄)ခန်းတွဲ (၄)ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အဆောက်အဦများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်ကြရန်နှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ဘုတ်ပြင်းမြို့ ပြည်သူ့ဆေးရုံရောက်ရှိကာ ဆေးရုံတက်ရောက်ဆေးကုသမှုခံယူ ကုသနေသည့် အမျိုးသား/ အမျိုးသမီးနှင့် ဖွားလူနာစုစုပေါင်း (၂၂) ဦးအား ဆေးဝါးနှင့်ထောက်ပံ့ပစ္စည်းများ ပေးအပ်၍ လူနာများကို အားပေးစကားပြောကြားကာ ကျန်းမာရေးဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။ ယင်းနောက် ဆေးရုံးဝင်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ အောင်မင်္ဂလာရပ်ကွက်ရှိ မာရ်အောင်ပရိတ္တိစာသင်တိုက်သို့ ရောက်ရှိကာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဂုဏိဿရထံမှာ ငါးပါးသီလခံယူဆောက်တည်၍ ပရိတ်တရားတော်များ နာယူကြပြီး တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့်တာဝန်ရှိသူများက ဆွမ်း၊ ဆန်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်ထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)