ဘုတ်ပြင်းမြို့တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ဘုတ်ပြင်း နိုဝင်ဘာ ၂၈

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီချိန်က ဘုတ်ပြင်းမြို့၊ ပုလဲရွှေရည်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကို၊  တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မျိုးသန့်၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင်   အ.ထ.က-တောင်ဒဂုံကျောင်းမှ ကျောင်းသား/ ကျောင်းသူများက ‘‘အလှပန်းများပွင့်ကြပြီ သီချင်းဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြသည်။ ယင်းနောက် အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက ပြည်သူများ မှန်ကန်သည့် အသိဉာဏ်ဗဟုသုတများ တိုးပွားစေရန်အတွက် စာဖတ်ကြရန်၊ စာဖတ်နိုင်သော ပတ်ဝန်းကျင်ကောင်းများ ဖန်တီးကြရန် နိုင်ငံတော်က အစဉ်အမြဲဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်၏ အနာဂတ်ကို အသိပညာပြည့်ဝသည့်လူငယ်များနှင့် တည်ဆောက်ကြမည်ဆိုပါက ကမ္ဘာ့အလယ်၌ နိုင်ငံတကာကို ရင်ပေါင်တန်းနိုင်မည်ဖြစ်ကြောင်း၊ ယနေ့ခေတ်လူငယ်များ၏ ဘဝသည် အလွန်အရေးကြီးပြီးပြုစု ပျိုးထောင်ပေးရန်လိုအပ်ကြောင်း၊ နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်မည့် လူငယ်များအနေဖြင့် အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများမျှဝေပေးရန်၊ အနာဂတ်လူ့ဘောင် အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်၊ လူငယ်များ ကာယ၊ ဉာဏ၊စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲများ၊ လူငယ်ရေးရာဟောပြောပွဲများ၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်များကို ပြန်ကြားရေးဝန်ကြီးဌာနက ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများသည် နိုင်ငံတော်အစိုးရတစ်ခုတည်းက ဆောင်ရွက်ကြရမည့် လုပ်ငန်းမဟုတ်ဘဲ လူ့အဖွဲ့အစည်း အသီးသီးက ပါဆောင်ရွက်ကြရမည့်လုပ်ငန်းဖြစ်ကြောင်း၊ အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူထမ်းဆောင်ကြမည့် ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာပေဖတ်ရှုသည့်အလေ့အထများ ဖြစ်ပေါ်လာစေရန်၊ အသိဉာဏ်ပညာများကို အရင်းအနှီးပြုပြီး ဘဝဖွံ့ဖြိုးတိုးတက်စေရန်စသည့်အချက်များနှင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းပြည်၏ စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာကြည့်တိုက်များကို အသုံးချတတ်သည့် အလေ့ အကျင့်ကောင်းများ ရရှိစေရန်အတွက် ဆရာ၊ ဆရာမများက ဆောင်ရွက်ပေးကြရန်၊ အားလပ်ချိန်တွင် ကျောင်းစာကြည့်တိုက်၌ စာဖတ်သည့် အလေ့အထရရှိအောင် လေ့ကျင့်ပေးကြရန် လိုအပ်ကြောင်း” အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနား ဆက်လက်ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုက စာပေဟောပြောပွဲတွင် ဟောပြောပေးသည့် စာရေးဆရာ အန်ကယ်ပညာအား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ပေးခဲ့ပြီး လူငယ်စာပေဆွေးနွေးပွဲတွင် ဆွေးနွေးပေးပါသော  ကျောင်းသား/ ကျောင်းသူ  (၃)ဦးနှင့် ဦးဆောင်ဆွေးနွေးသူဆရာမ (၂) ဦးအား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခဲ့ပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအားလည်းကောင်း၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအားလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က အလယ်တန်းအဆင့် စာဖတ်စွမ်းရည် ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများများကိုလည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ချိုက မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲမှ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခဲ့သည်။

ယင်းနောက် ပြိုင်ပွဲအသီးသီးတွင် နှစ်သိမ့်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူမျာကို အမှတ် (၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး မျိုးသန့်၊ ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးနှင့် အဖွဲ့ဝင် ဦးအောင်ကျော်ကျော်ဦးတို့က ဂုဏ်ပြုလက်ဆောင်များ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ဘုတ်ပြင်းခရိုင်အတွင်းရှိ အထက်တန်းကျောင်း (၈) ကျောင်းမှ ကျောင်းစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များကို ဘုတ်ပြင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းဌေးက ပေးအပ်ရာ သက်ဆိုင်ရာကျောင်းအုပ်ကြီးများက လက်ခံရယူခြင်း၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်/ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များ လှူဒါန်းရာ အ.ထ.က-ဘုတ်ပြင်းကျောင်းအုပ်ဆရာမကြီး ဒေါ်လှအေးက လက်ခံရယူသည်။

ထို့နောက် ကျပန်းပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့်ကဗျာရွတ်ဆိုပြိုင်ပွဲတို့မှ ပထမဆုရရှိသော ကျောင်းသား၊ ကျောင်းသူများက ပြိုင်ပွဲဝင်ခေါင်းစဉ်များဖြင့် ပြန်လည်၍ သရုပ်ပြပြီး ကျောင်းသား၊  ကျောင်းသူလေးများက ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့”သီချင်းဖြင့် သီဆို၍ အခမ်းအနားအား ရုပ်သိမ်းခဲ့ပြီး တာဝန်ရှိသူများနှင့် ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)