အုတ်တွင်း နိုဝင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းအခြေပြု ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၉)နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကြက်သွန်ခင်း(၂)၊ ပဲခူးလမ်းကျောင်းနှင့် အ.မ.က (မူလွန်) ကြက်သွန်ခင်း(၁)ကျောင်းများတွင် ကာကွယ်ဆေးများ ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်အေးအေးမော်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အသက်အရွယ်အလိုက် ထိုးနှံပေးခြင်းဖြစ်ရာ ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်တွင် ပညာသင်ကြားနေသော အသက် (၅)နှစ်ပြည့်ပြီး (၇) နှစ်မကျော်သော (KG) ကျောင်းသူ၊ ကျောင်းသားများအား ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ရောဂါ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် အသက်(၉) နှစ်ပြည့်ပြီး (၁၀) နှစ်မကျော်သော ကျောင်းသူများကို သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ကျန်ရှိသော ကျောင်းများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်အေးအေးမော်ထံမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)