ပြည်ကြီးမဏ္ဍိုင် နိုဝင်ဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ပြီး ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို နိုဝင်ဘာ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
ဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားရာ၌ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံရေး၊ အသိပညာဗဟုသုတပြည့်စုံစေရေး၊ နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားစေရေး၊ လူငယ်များအနေဖြင့် အချင်းချင်း အသိပညာဖလှယ်တတ်စေရေး၊ လူအများရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး ပူးပေါင်းဆောင်ရွက်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ်၍ Grade-9 မှ ကျောင်းသား မောင်လင်းထွဋ်ကျော်က “လူငယ်နှင့်ကိုယ်ကျင့်တရား”၊ မောင်မင်းသီဟန်က “လူငယ်နှင့်စည်းကမ်း” ကျောင်းသူ မအေးသန္တာအောင်က “လူငယ်နှင့်စာဖတ်ခြင်း”၊ မအေးမွန်ထွေးက “လူငယ်နှင့်ယဉ်ကျေးမှု” အစရှိသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီးနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့ သိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းကို ဦးဆောင်ဆွေးနွေး ပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)