ရွှေဂွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဓမ္မစကြာ၊ ပဌာန်းနှင့်ပရိတ်ကြီး(၁၁)သုတ် ရွတ်ဆိုပြိုင်ပွဲကျင်းပ

လှိုင်းဘွဲ နိုဝင်ဘာ ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားလူငယ်များအနေဖြင့် ဘာသာတရားရိုသေ ကိုင်းရှိုင်းပြီး နူးညံ့သိမ်မွေ့သော ကျောင်းသားလူငယ်များဖြစ်လာကြစေရန်၊ အမျိုးဘာသာ၊ သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရေးအတွက် ရည်ရွယ်၍ ဓမ္မစကြာ၊ ပဌာန်းနှင့်ပရိတ်ကြီး(၁၁)သုတ်ရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့မနက် ၉ နာရီအချိန်က ရွှေပညာရတနာခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူလေးများအနေဖြင့် ဘာသာတရားကိုအလေးထားပြီး လူကြီးမိဘ၊ ဆရာသမားများ၏ ပြောဆိုသွန်သင်ဆုံးမမှုကို နာခံလိုက်နာတတ်စေရန်၊  စုပေါင်းဆောင်ရွက်တတ်သည့်  အလေ့အကျင့်ကောင်းများရရှိကြစေရန် ဓမ္မစကြာပါဋိတော်စာသား၏ အနက်အဓိပ္ပါယ်၊ ပဌာန်းဒေသနာတော်၊ ပရိတ်ကြီး ၁၁ သုတ် အကျိုးကျေးဇူးကို သိရှိနားလည်စေနိုင်ရန်အတွက် အခြေခံပညာအလယ်တန်းအဆင့်နှင့်အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၄၂၀)ဦးတို့က အဖွဲ့(၇)ဖွဲ့ခွဲ၍   ဓမ္မစကြာ၊ ပဌာန်းနှင့်ပရိတ်ကြီး(၁၁)သုတ် ရွတ်ဆိုပြိုင်ပွဲကို ပြုလုပ်ကျင်းပ‌ပေးခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုအေးက ရှင်းပြပေးခဲ့ကြောင်း သိရသည်။

စောဒိ(ပြန်/ဆက်)