လှိုင်းဘွဲမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် ဥပဒေဆိုင်ရာသိမှတ်ဖွယ်ရာများအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပ

လှိုင်းဘွဲ နိုဝင်ဘာ ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနှင့် မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့တို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် ဥပဒေဆိုင်ရာသိမှတ်ဖွယ်ရာများ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဝါးကုတ္တောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌လည်းကောင်း ညနေ(၁)နာရီအချိန်၌ ရွှေဂွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ရွေပညာရတနာခန်းမတို့၌ ဆောင်ရွက်ခဲ့ကြသည်။

ဟောပြောပွဲတွင် ရွှေဂွန်းစံပြကျေးရွာနယ်မြေရဲတပ်ဖွဲ့စခန်းမှူး ရဲအုပ် ရဲထွန်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊  မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ငွေက မြို့နယ်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ ဖွဲ့စည်းထားရှိမှု၊ မြို့နယ်အတွင်း ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ဥပဒေနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များ၊ သိမှတ်ဖွယ်ရာများကို အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကျောင်းသူ၊ ကျောင်းသူများ စာပေဗဟုသုတတိုးပွားလာရေး၊ ဗလငါးတန်ဖွံ့ဖြိုးပြီး ဘက်စုံထူးချွန်သော ကျောင်းသားလူငယ်များဖြစ်လာစေရေး၊ မိမိရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန်နှင့် လူကုန်ကူးမှုအန္တရာယ်များအကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဥက္ကဋ္ဌ ဦးဌေးဝင်းက မူးယစ်ဆေးဝါးအန္တရာယ်များ၊ အမျိုးအစားများ၊ သုံးစွဲသူများ၏ စရိုက်လက္ခဏာများ၊ မူးယစ်ဆေးဝါးဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ ဥပဒေပြဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ်လှပဖို့အတွက် မူးယစ်ဆေးဝါးကို ရှောင်ရှားကြရန် လိုအပ်ကြောင်း အသိပညာပေးဟောပြောခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူကုန်ကူးမှုတာဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များအကြောင်း နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။     

စောဒိ(ပြန်/ဆက်)