ဘားအံ နိုဝင်ဘာ ၂၈
ကရင်ပြည်နယ်အတွင်း ယာဉ်မတော်တဆထိခိုက်မှုများကြောင့် ပြည်သူတို့၏အသက်နှင့်လူမှုစီးပွား ထိခိုက်ဆုံးရှုံးမှုများ၊ ယာဉ်ကြောင့်ဖြစ်ပေါ်သော သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းကျဆင်းစေရန်၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကရင်ပြည်နယ် ယဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ (၄/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့သည်။
ဦးစွာ ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိတို့ဒေသ၌ မော်တော်ဆိုင်ကယ်တွင် ဒေသလုပ်ဘေးတွဲများချိတ်ဆွဲ၍ လူနှင့်ကုန်ပစ္စည်းပို့ဆောင်ရေးအတွက် အသုံးပြုနေကြသည်ကိုမြင်တွေ့ရပြီး အသုံးပြုစီးနင်းသူများ ဆိုးကျိုးနှင့် အသက်အန္တရာယ်ဖြစ်စေနိုင်သည့်အတွက် တရားမဝင်အသုံးပြုနေမှုအား ပညာပေးရေးနှင့် စစ်ဆေးအရေးယူမှုများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဆပ်ကော်မတီအသီးသီးမှ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ် (၃/၂၀၂၄) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်လိုက်နာဆောင်ရွက် ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးအောင်ဇေဝင်းက ၂၀၂၂ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလထိ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ စိစစ်အကဲဖြတ်လုပ်ငန်းစဉ်(Road Safety Audit) ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကာ တွဲဖက်အတွင်းရေးမှူး အမှတ်(၁၀)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးဟန်မွှေးက ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများ၊ ယာဉ်မတော်တဆမှုကာလတူ(၃)နှစ်နှိုင်းယှဉ်ချက်၊ မတော်တဆမှုနှင့် ဒဏ်ရာရသေဆုံးမှု လျော့နည်းကျဆင်းလာမှု၊ စည်းကမ်းပျက်ယာဉ်များနှင့်လိုင်စင်မဲ့ ယာဉ်များဖမ်းဆီးအရေးယူမှု၊ အသိပညာပေးဟောပြောဆွေးနွေးနိုင်မှုတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ၊ စီမံခန့်ခွဲရေးဆပ်ကော်မတီ၊ ပညာပေးရေးနှင့်စစ်ဆေးအရေးယူရေး ဆပ်ကော်မတီ၊ သူတေသနပြုရေးနှင့် ကျန်းမာရေးဆပ်ကော်မတီ၊ ဘဏ္ဍာရေးဆပ်ကော်မတီတို့က သက်ဆိုင်ရာကဏ္ဍများအလိုက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းစီမံချက်(၂၀၂၀-၂၀၃၀)ပါ ကဏ္ဍကြီး(၈)ရပ်နှင့် လုပ်ငန်းစဉ်(၁၀၈)ရပ်အား ပိုမို အရှိန်မြင့် ဆောင်ရွက်နိုင်ရေး ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ကောင်စီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အဆင့်ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအဖွဲ့များက သက်ဆိုင်ရာကဏ္ဍများအလိုက် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ကရင်ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)