ပခုက္ကူ နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် အညာဒေသကျေးရွာတစ်ချို့တွင် ပျိုးထောင်ထားသည့် ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ ပခုက္ကူမြို့ပေါ်ရပ်ကွက်များ၌ ရောင်းချလျက်ရှိရာ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ ရေစကြို၊ မြိုင်မြို့နယ်(အညာဒေသ)တို့တွင် တစ်ပိုင်တစ်နိုင် မိသားစုအပိုဝင်ငွေရရှိနိုင်ရေး ထန်းပင်မြစ်များစိုက်ပျိုးရောင်းချကြပြီး ထန်းပင်မြစ်ပျိုးထောင်ခြင်းကို ထန်းသီးမှည့်ချိန်ဖြစ်သည့် ဝါဆိုလ၊ ဝါခေါင်လတို့တွင် ထန်းသီးမှည့်စေ့အရင့်များကို ကောက်ယူစုဆောင်းပြီး လွယ်ကူသည့်မြေနေရာရွေးချယ်ကာ ထန်းပင်မြစ်ပျိုးထောင်ရကြောင်း၊ ထန်းသီးမှည့်ပျိုးထောင်ချိန်မှ သုံးလအကြာတွင် ထန်းပင်မြစ်ပေါက်များ စတင်ဖွံ့ဖြိုးလာကာ တန်ဆောင်မုန်းလဆန်းပိုင်းလောက်တွင် ထန်းပင်မြစ်တူးဖော်ပြီး ဈေးကွက်အတွင်း ရောင်းချကြကြောင်း၊ ယခုလကာလမှာ ထန်းပင်မြစ်များ ပေါ်ဦးပေါ်ဖျားပေါ်ထွက်သည့် လဖြစ်သောကြောင့် ထန်းပင်မြစ် ၂၅ ချောင်းပါ တစ်စည်းကို အနု/အရင့်ပေါ်မူတည်၍ ငွေကျပ် ၁၅၀၀ မှ ၂၅၀၀ အထိ ရောင်းချရကြောင်း၊ ယခင်နှစ်တွင် ထန်းပင်မြစ် ၂၅ ချောင်းပါတစ်စည်းကို ငွေကျပ် ၈၀၀ မှ ၁၅၀၀ အထိရှိခဲ့ပြီး ယခင်နှစ်ထက် ဈေးနှုန်းအနည်းငယ်မြင့်တက်လျက်ရှိကြောင်း၊ ထန်းပင်မြစ်များကို နိုဝင်ဘာလအစောပိုင်းကစတင်ပြီး ပခုက္ကူခရိုင်အတွင်းရှိ အညာဒေသကျေးရွာတစ်ချို့မှ ဖောက်သည်ဝယ်ယူ၍ လာရောက်ရောင်းချခြင်းဖြစ်ပြီး တစ်နေ့လျှင် အနည်းဆုံး ငွေကျပ် ငါးသောင်းမှ ခုနစ်သောင်းအထိ ရောင်းချရကြောင်း၊ ထန်းပင်မြစ်ကို ငွေကြေးအရင်းအနှီးမလိုဘဲ လုပ်အားအရင်းအနှီးဖြင့်သာ ပျိုးထောင်လုပ်ကိုင်ရပြီး မိသားစုအပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပခုက္ကူမြို့၊ အမှတ်(၁) စည်ပင်သာယာရေးဈေးကြီးတွင် ထန်းပင်မြစ် ကိုယ်တိုင်ပျိုးထောင် လာရောက်ရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်။
ထန်းမြစ်များကို နှစ်စဉ်ဆောင်းရာသီကာလစတင်ရောက်ရှိလာချိန်မှစတင်ပြီး ထန်းပင်ပေါများသည့် မြန်မာပြည်အလယ်ပိုင်းဒေသများတွင် တွေ့ရှိရပြီး မီးဖုတ်၍ဖြစ်စေ၊ ရေဖြင့်ပြုတ်၍ဖြစ်စေ ဆီ၊ ဆားထည့်၍ ကလေး၊ လူကြီးမရွေး စားသုံးတတ်ကြကြောင်း၊ ထန်းပင်မြစ်သည် လူတို့၏ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်ဘီဓာတ်ပေါင်းစုံအပြင် အဆီဓာတ်နှင့် ပရိုတိန်းဓာတ်များလည်းပါဝင်ပြီး စားသုံးသူများအနေဖြင့် အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေကာ ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးနိုင်ကြောင်း၊ ထန်းပင်မြစ်ကို အရပ်ဒေသများအပေါ်မူတည်ပြီး ထန်းမြစ်၊ ထန်းပင်ပေါက်ဟုခေါ်ဝေါ်ကြပြီး သီးသန့် ပျိုးထောင်ရောင်းချသူများရှိသကဲ့သို့ တစ်နိုင်တစ်ပိုင် ပျိုးထောင်သူများလည်းရှိကြောင်း၊ ယခုနောက်ပိုင်းတွင် ထန်းပင်မြစ်ကို ထန်းမြစ်ကျော်၊ ထန်းမြစ်အစပ်ကျော် စသည့်များဖြင့် နည်းအမျိုးမျိုးဖြင့် ဖန်တီးပြုလုပ်စားသောက်ခြင်း၊ ထန်းပင်မှတဆင့် ထန်းလျက်၊ ထန်းရွက်သက်ငယ်၊ ထန်းလျှော်၊ ထန်းလက်ပရိဘောဂ(ကုလားထိုင်၊ စားပွဲ၊ ထန်းသားခြမ်း)များအဖြစ် တီထွင်အသုံးပြုခြင်းများလည်း ရှိလာကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)