ကော့သောင်းမြို့တွင် ကျောင်းသား၊ကျောင်းသူများ လူငယ်စကားဝိုင်း ဆွေး‌နွေးပွဲ ပြုလုပ်

ကော့သောင်း နိုဝင်ဘာ ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူ လူငယ်အချင်းချင်း အသိပညာ ဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ပုလုံးတုံတုံးကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့က ကျင်းပခဲ့ရာ အဆိုပါအခမ်းအနားသို့ သက်ဆိုင်ရာဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများနှင့် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်တင်သူဇာလှိုင်မှ ကျောင်းသား၊ကျောင်းသူ လူငယ်များ အသိပညာများ တိုးတက်လာစေရန်၊ ပရိသတ်အရှေ့တွင် ရဲဝံ့စွာ ပြောဆိုသည့် အလေ့အထများရှိ လာစေရန်၊ လူငယ်အချင်းချင်း အသိပညာအတတ်ပညာ ဖလှယ်တတ်ကြစေရန်၊ တစ်ဦးနဲ့တစ်ဦး ယဉ်ကျေးရည်မွန်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အမှား၊ အမှန်ခွဲခြား တတ်စေရန်နှင့် စဉ်းစားဆင်ခြင်ဉာဏ်တိုးတက်စေရန် ရည်ရွယ်၍ ယခုကဲ့သို့ လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောခဲ့သည်။

ယင်းနောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စတင်ခဲ့ရာ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က Moderator အဖြစ် ပြုလုပ်၍  (Grade-11) ကျောင်းသား မောင်ချမ်းလွင်ထွန်းက "ရေဘေး "သဘာဝဘေးအန္တရာယ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-10)ကျောင်းသား မောင်အာကာထွန်းက လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-11)ကျောင်းသူ မနှင်းအေးဝေက ပလတ်စတစ် သုံးစွဲမှု‌ လျှော့ချရေးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Grade-10)ကျောင်းသူ မထွေးငယ်လေးက Social Media ၏ ကောင်းကျိုး၊ဆိုးကျိုးများခေါင်းစဉ်ဖြင့်လည်းကောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။ အဆိုပါ ဆွေးနွေးခဲ့သည့် ခေါင်းစဉ်တစ်ခုချင်းစီအလိုက် လူငယ်စကားဝိုင်း အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား‌/သူများက ဆွေးနွေးခဲ့ကြသော အကြောင်းအရာများနှင့် ပတ်သက်၍ သိလိုသည်များအား မေးမြန်းခဲ့ကြရာ စကားဝိုင်းဆွေးနွေးကြသည့် ကျောင်းသား/သူများနှင့် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)