ကျွန်းလှ နိုဝင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မန်ကျည်းအင်းကျေးရွာ၊ ကွင်းအမှတ်(၂၉၂)၊ တောင်သူဦးစောထွေး၏ မိုးစပါးဧရာမင်း စပါးမျိုး ၅ ဧက၌ ယနေ့နံနက် ၈ နာရီက ၆ ဒသမ ၆ ပေပတ်လည် စံကွက်ရိပ်သိမ်းရာ တစ်ဧက ပျှမ်းမျှအထွက်နှုန်း စပါးအစို (၈၉)တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
“ကျွန်းတော် ဒီနှစ်မိုးစပါး ဧရာမင်းစပါးမျိုးကို မျိုးစေ့ထုတ်ကွက်အဖြစ် ၅ ဧက စိုက်ပျိုးခဲ့ပါတယ်။ စိုက်ပျိုးရာမှာ ကြိုတန်း ခြောက်တန်း တစ်တန်းလှပ် စိုက်ပျိုးပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးပညာရှင်များက စိုက်နည်းစနစ်မှန်ကန်ရေးအတွက် နည်းပညာများ ဆောင်ရွက်ပေးပါတယ်။ ယူရီးယားဓာတ်မြေဩများလည်း ဈေးနှုန်းချိုသာစွာ ရောင်းချပေးပါတယ်” ဟု မန်ကျည်းအင်းကျေးရွာ တောင်သူဦးစောထွေးက ပြောသည်။
အဆိုပါ မိုးစပါးစံကွက်ရိပ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူး၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီနှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ ကြည့်ရှုအားပေးခဲ့ကြသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါး ၃၄၀၉ဂ ဧက စိုက်ပျိုးခဲ့ကြောင်း၊ ဒေသရာသီဥတုနှင့် ကိုက်ညီသည့် စပါးမျိုးများစိုက်ပျိုးကြပြီး စတင်ရိပ်သိမ်းနေကြကြောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ