ပေါက်ခေါင်းမြို့နယ်၌ မိုးစပါးသီးနှံပေါ်ချိန် စပါးတင်းတစ်ရာလျှင် ငွေကျပ် ၁၈ သိန်းကျော်ဈေးဖြင့် ရောင်းချရ

ပေါက်ခေါင်း နိုဝင်ဘာ ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ မိုးစပါးစိုက်ပျိုးသည့် ဒေသခံတောင်သူများသည် ဆောင်းသီးနှံများ ပြန်လည်စိုက်ပျိုးနိုင်ရန်အတွက် စပါးရိတ်သိမ်းခြွေလှေ့စက်များငှားရမ်း၍ ရိတ်သိမ်းလျက်ရှိပြီး စပါးများလှိုင်လှိုင်ပေါ်လျက်ရှိရာ မိုစပါးဈေးနှုန်းမှာ တင်းတစ်ရာလျှင် ငွေကျပ် ၁၈ သိန်းကျော်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

"ဦးလေးတို့ရွာမှာ မိုးစပါးစိုက်ခင်းတွေ ရိတ်သိမ်းနေပြီဖြစ်လို့ တောင်သူတွေက ဆောင်းသီးနှံအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် နိုဝင်ဘာလ ဒုတိယပတ်ကစပြီး ရိတ်သိမ်းခြွေလှေ့စက်များနဲ့ ရိတ်သိမ်းခြွေလှေ့နေကြပါတယ်။ ဒီနှစ်က မိုးစပါးသီးနှံပေါ်ချိန်မှာ ရတနာတိုးစပါးဈေးက တင်းတစ်ရာကို ငွေကျပ် ၁၈ သိန်းကျော်နဲ့၊ ဗီယက်နမ်စပါးမျိုးက တင်းတစ်ရာကို ၁၇ သိန်းဈေးပဲ အရောင်းအဝယ်ရှိတယ်။ ဒီနှစ်မှာ မိုးစပါးစိုက်ခင်းတွေက အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းလဲကောင်းကြတယ်။ တစ်ဧကကို ပျမ်းမျှ စပါးတင်းရေ ၉၀ ကျော် ထွက်ရှိတယ်။ ဦး‌လေးတို့ဒေသမှာ အဓိကစိုက်ပျိုးတဲ့ မိုးစပါးမျိုးတွေကတော့ ရတနာတိုး၊ ဗီယက်နမ်၊ မနောသုခ၊ မှော်ဘီ(၂)၊ ရက်(၉၀)၊ ထိုင်းနှံကောက်စတဲ့ စပါးမျိုး‌တွေကို အများဆုံး စိုက်ပျိုးဖြစ်ပါတယ်" ဟု ဒေသခံတောင်သူတစ်ဦးက ပြောကြားသည်။

ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ခုနှစ်၊ မိုးစပါးသီးနှံစိုက်ပျိုးရာသီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရန် မိုးစပါးသီးနှံစိုက်ဧက ၄၆၇၅၇ ဧက လျာထားစိုက်ပျိုးခဲ့သော်လည်း သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)