မကွေး နိုဝင်ဘာ ၂၇
၂၀၂၄ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယက၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်ဝင်းဝင်းမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ကျား၊ မ ဖြစ်ခြင်းကို အခြေခံပြီးဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများသည် လူ့အခွင့်အရေးချိုးဖောက်သော ကိစ္စရပ်များဖြစ်သောကြောင့် နိုင်ငံတကာမှဆောင်ရွက်နေသော အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးလုပ်ငန်းများအား သိရှိမြင်သာစေရန်၊ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးကို တူညီစွာလုပ်ဆောင်မှုကို ဖော်ညွှန်းရန်၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုပပျောက်စေရန် ရည်ရွယ်၍ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များတွင် ယခုလို ကျင်းပရခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုများကို ၂၀၁၈ ခုနှစ်ကစတင်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်၏ ဆောင်ပုဒ်မှာ "အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ဖို့ အားလုံးပေါင်းစုကြိုးပမ်းလို့ ဘေဂျင်းကြေညာစာတမ်းနှင့် လုပ်ငန်းစီမံချက် နှစ်(၃ဝ)ပြည့်ဆီ အရောက်လှမ်းစို့” ဖြစ်ပါကြောင်း၊ လက်ရှိအချိန်တွင် နိုင်ငံတော်မှ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေ၊ မဟာဗျူဟာများ ချမှတ်ဖော်ဆောင်လျက်ရှိသလို ယနေ့ကျရောက်သော အခမ်းအနားသို့ တက်ရောက်လာကြသူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်ရှိ အမျိုးသမီးများအပေါ် ကျား၊ မ ခွဲခြားမှုမရှိစေရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမှ တားဆီးကာကွယ်ရေးနှင့် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အတူတကွပူးပေါင်းပြီး အမျိုးသမီးများကဏ္ဍ ယခုထက် ပိုမိုဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် အကြမ်းဖက်မှုရပ်တန့်ရေး အသိပညာပေး Video ပြသခဲ့ပြီး မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ သမီးပျိုလေးများမှ Fitness Dance ဖြင့် ကပြဖျော်ဖြေခဲ့ကာ တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)