ပေါင်းတည် နိုဝင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးနှင့် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများနှင့် ကျောင်းကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၉ နာရီက အ-ထ-က(မင်းကွက်)နှင့် အ-မ-က(သိမ်ကြီး)တို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျောင်းကျန်းမာရေးအဖွဲ့က ကွင်းဆင်းဆောင်ရွက်ပေးကြသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်၏ စီမံခန့်ခွဲမှုနှင့်အတူ ဒေါက်တာကျော်သူရထွန်းဦးဆောင်သည့် ကျောင်းကျန်းမာရေးအဖွဲ့များက နိုဝင်ဘာ ၂၆ ရက်က စတင်၍ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားနေသော မြို့နယ်အတွင်း ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်းများအပါအဝင် အခြေခံပညာကျောင်းများရှိအသက် ၅ နှစ်ပြည့်ပြီး ၇ နှစ်မကျော်သော KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအခြေပြု ဆုံဆို့၊ မေးခိုင်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသက် ၉ နှစ်ပြည့်ပြီး ၁၀ နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးများ ထိုးနှံဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
ထိုဆောင်ရွက်မှု၌ ကျောင်းကျန်းမာရေးစစ်ဆေးမှုအဖွဲ့သည် KG မှ Grade-5 ထိ ကျောင်းသူ၊ ကျောင်းသားလေးများအား သွားနှင့် ခံတွင်းစစ်ဆေးပေးခြင်း၊ အထွေထွေရောဂါများ စစ်ဆေးခြင်းအစရှိသည့် ကျောင်းကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည့် ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ထိုးနှံရန်ကျန်ရှိသော ကျောင်းများကိုလည်း ဆက်လက်ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေသား (ပြန်/ဆက်)